The vital role of vitamins in children’s well-being

ကလေးငယ်များကျန်းမာရေးနှင့် ဗီတာမင်ဓာတ်များ၏ အရေးပါပုံ

ဗီတာမင်နဲ့ သတ္တုဓာတ်များက ကိုယ်ခန္ဓာအတွက် ပမာဏအနည်းငယ်သာလိုအပ်သော်လည်း မရှိမဖြစ်အရေးပါတဲ့ဓာတ်တွေ ဖြစ်ကြပါတယ်။ ခန္ဓာကိုယ်မှာ ထိုဓာတ်များလျော့နည်းမှုက ကျန်းမာရေးအတွက် ဆိုးကျိုးသက်ရောက်မှု ရှိစေပါတယ်။ ကလေးငယ်တွေကို လိုအပ်တဲ့ဗီတာမင်ဓာတ်များပါရှိတဲ့ အစားအစာများကို ကျွေးမွေးခြင်းဖြင့် အာဟာရချို့တဲ့မှုအန္တရာယ်မှ ကာကွယ်နိုင်သလို ကျန်းမာပျော်ရွှင်တဲ့ဘဝများကိုလည်း ပိုင်ဆိုင်စေပါတယ်။

ဗီတာမင်အေ

ဗီတာမင်အေက ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုနဲ့ ခုခံအားကောင်းစေရန်၊ အမြင်အာရုံကောင်းစေရန်နဲ့ မျိုးဆက်ပွါးနိုင်ရန်အတွက် အထောက်အပံ့ပေးပါတယ်။ ထို့အပြင် အသက်ရှုလမ်းကြောင်း၊ အစာအိမ်လမ်းကြောင်းနဲ့ ဆီးလမ်းကြောင်းရှိ အမြှေးပါးများကို သန်စွမ်းစေပါတယ်။ ဗီတာမင်အေချို့တဲ့ပါက ကြက်မျက်သင့်ခြင်း (ညဘက် အမြင်အာရုံချို့တဲ့ခြင်း) ၊ အမြင်အာရုံအားနည်းခြင်းနှင့် ကူးစက်ရောဂါများကြောင့် သေဆုံးနိုင်ချေမြင့်မားခြင်းတို့ ဖြစ်စေပါတယ်။

ထို့ကြောင့် ဗီတာမင်အေ မချို့တဲ့စေဖို့ အောက်ပါအစားအစာတွေကို မိမိတို့ရဲ့ကလေးငယ်များအား ကျွေးမွေးသင့်ပါတယ်။

  • တိရိစ္ဆာန်ထွက်အစားအစာများ၊ အသည်းအမျိုးမျိုး၊ ဥအမျိုးမျိုး၊ ငါးအမျိုးမျိုးနဲ့ နို့အမျိုးမျိုး
  • အပင်မှရတဲ့အစားအစာများ၊ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်များ (ဥပမာ - ဟင်းနုနွယ်ရွက်၊ ဒန့်သလွန်ရွက်၊ ကန်စွန်းရွက်၊ မြင်းခွာရွက်၊ ဗူးရွက်)
  • လိမ္မော်ရောင်၊ အဝါရောင်ရှိတဲ့ သစ်သီးဝလံများ (ဥပမာ - ရွှေဖရုံသီး၊ ရွှေကန်စွန်းဥ ၊ သရက်သီးမှည့်၊ သင်္ဘောသီးမှည့်၊ မုန်လာဥနီ)

ဗီတာမင်ဘီဝမ်း

အာရုံကြောစနစ် ကျန်းမာသန်စွမ်းစေရန် ဗီတာမင်ဘီဝမ်းက မရှိမဖြစ်လိုအပ်ပါတယ်။ ဗီတာမင်ဘီဝမ်း ချို့တဲ့ပါက ဘယ်ရီဘယ်ရီ ခေါ် ကလေးသူငယ်နာရောဂါ၊ ထုံနာစိုနဲ့ ထုံနာခြောက်တို့ကို ဖြစ်ပေါ်စေပါတယ်။ ထုံနာစိုရောဂါခံစားရလျှင် နှလုံးကြီးလာခြင်း၊ အသည်းကြီးခြင်း၊ ဖောရောင်ခြင်း၊ နှလုံးအားနည်းခြင်းနဲ့ နှလုံးလုပ်ငန်းပျက်စီးပြီး အသက်ပါ သေဆုံးတဲ့အထိ ဖြစ်စေတဲ့ပါတယ်။ ထုံနာခြောက်ရောဂါခံစားရလျှင် အာရုံကြောတွေရောင်ရမ်းအားနည်းခြင်း၊ ကြွက်သားများ အားနည်းနာကျင်ခြင်း၊ မူးဝေခြင်းတွေဖြစ်စေပါတယ်။ အဲဒါကြောင့် ကလေးငယ်များကို ရှိသင့်တဲ့ဗီတာမင်ဘီဝမ်းဓာတ်ပမာဏ ပြည့်မီအောင် ကျွေးမွေးရပါမယ်။

ထို့ကြောင့် ဗီတာမင်ဘီဝမ်း ကြွယ်ဝတဲ့အစားအစာတွေဖြစ်တဲ့ ဝက်သား၊ ပဲအမျိုးမျိုး၊ မြေပဲ၊ ပဲပုပ်၊ ပဲနီလေး၊ ကုလားပဲ၊ ဆန်လုံးညို၊ ပြောင်းဖူး၊ အာလူး၊ ခရမ်းသီး၊ ရုံးပဒေသီး၊ နေကြာစေ့၊ ဒန့်သလွန်ရွက် အစရှိတာတွေကို ကျွေးမွေးသင့်ပါတယ်။

ဗီတာမင်စီ

ဗီတာမင်စီဟာ အနာကျက်မြန်စေပြီး သွားနဲ့သွားဖုံးကောင်းမွန်ဖို့အတွက် အရေးပါပါတယ်။ ခုခံအားစနစ်ကို ကောင်းစေပြီး သံဓါတ်စုပ်ယူမှု အားကောင်းစေပါတယ်။ နောက်ပြီး အရိုးအဆစ်များနာကျင်ကိုက်ခဲမှုကိုလည်း သက်သာစေပါတယ်။ တစ်ခုခုနဲ့ထိခိုက်မိခြင်းကြောင့် အနီကွက်ဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။ ဗီတာမင်စီချို့တဲ့လျှင် သွားဖုံးသွေးလျှံခြင်း၊ ခုခံအားကျဆင်းခြင်း၊ အရေပြားပေါ်တွင် သွေးချေဥခြင်း၊ မောပန်းခြင်းနဲ့ အားနည်းခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

ထို့ကြောင့် ကလေးငယ်များတွင် ဗီတာမင်စီ ချို့တဲ့မှုမဖြစ်ပွားစေရန် ဗီတာမင်စီ ကြွယ်ဝတဲ့အစားအစာများဖြစ်တဲ့ အရည်ရွှမ်းတဲ့အသီးအနှံများ (ဥပမာ - ရှောက်သီး၊ မာလကာသီး၊ ဇီးဖြူသီး၊ ကျွဲကောသီး၊ သံပုရာသီး၊ လိမ္မော်သီး) ၊ ငရုပ်ပွသီး၊ ကန်စွန်းရွက်၊ ချဥ်ပေါင်ရွက်၊ ကင်းမွန်းချဥ်ရွက် အစရှိတဲ့အသီးအရွက်များကို မျှတစွာကျွေးမွေးသင့်ပါတယ်။  

ကလေးငယ်များနဲ့ ကိုယ်ဝန်ဆောင်မိခင်များအတွက် သတ္တုဓာတ်များရဲ့အရေးပါပုံကို ဒီနေရာမှာ ဆက်လက်ပြီး ဒီနေရာမှာ လေ့လာနိုင်ပါတယ်။

UNCDF မှပြုလုပ်သော အခြေခံအာဟာရနှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲနှင့် LEARN စီမံကိန်း၏ကျန်းမာရေးအသိပညာပေး ကိုးကားချက်များမှ ထုတ်နှုတ်ထားပါသည်။