Importance Minerals for Children and Pregnant Women

ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် သတ္တုဓာတ်များ၏အရေးပါပုံ

မြန်မာနိုင်ငံရှိ ကလေးငယ်အများစုဟာ ဗီတာမင်ဓာတ်များအပြင် သတ္တုဓာတ်များဖြစ်တဲ့ အိုင်အိုဒင်းနဲ့ သံဓာတ်တွေ ချို့ယွင်းတတ်ကြပါတယ်။ ကလေးငယ်များတွင်သာမက ကိုယ်ဝန်ဆောင်မိခင်များမှာလည်း ဖြစ်ပွားမှုများရှိပါတယ်။ ဒါဆို အိုင်အိုဒင်းနဲ့ သံဓာတ်တွေဟာ ခန္ဓာကိုယ်အတွက်ဘယ်လိုမျိုးအရေးပါပြီး အဲဒီသတ္တုဓာတ်တွေရရှိအောင် ဘယ်လိုမျိုးစားသုံးသင့်သလဲဆိုတာကို အောက်မှာဆက်လက်လေ့လာကြည့်ပါစို့။

အိုင်အိုဒင်း

အိုင်အိုဒင်းဟာ ဦးနှောက်ဖွံ့ဖြိုးရန်၊ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးရန်နဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း အသီးသီးရဲ့လုပ်ငန်းများ ပုံမှန်လုပ်ဆောင်ရန် မရှိမဖြစ်လိုအပ်ပါတယ်။ လည်ပင်းကြီးရောဂါဖြစ်ပွားခြင်း၊ အထူးသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများတွင် သားပျက်သားလျှောခြင်း၊ ကလေးအသေမွေးခြင်းနဲ့ ပေါင်မပြည့်လမစေ့ ကလေးမွေးဖွားခြင်း၊ ဉာဏ်ရည်နိမ့်ကျသောကလေး၊ ကိုယ်အင်္ဂါမသန်စွမ်းတဲ့ ကလေးမွေးဖွားခြင်းတို့က အိုင်အိုဒင်းဓာတ်ချို့ယွင်းမှုများရဲ့ နောက်ဆက်တွဲပြဿနာရပ်များ ဖြစ်ပါတယ်။

ဒါကြောင့် အိုင်အိုဒင်းဓာတ်ကို မိခင်ရော ကလေးပါ ပြည့်ဝစွာစားသုံးဖို့လိုအပ်ပါတယ်။ အိုင်အိုဒင်းဓာတ် မချို့တဲ့စေရန် အိုင်အိုဒင်းဆား၊ ပင်လယ်မှရတဲ့ ပင်လယ်ငါး၊ ပုဇွန်၊ ပင်လယ်ကျောက်ပွင့်၊ ရေညှိရေမှော်များ စားသုံးသင့်ပါတယ်။

သံဓာတ်

သံဓာတ်ဟာ လူ့ခန္ဓာကိုယ်ရှိသွေးထဲမှာ သွေးနီဥများတည်ဆောက်ရန်အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ သွေးနီဥတွေဟာ အဆုတ်ကရှုသွင်းလိုက်တဲ့ အောက်စီဂျင်တွေကို ခန္ဓာကိုယ်တစ်ခုလုံးဆီကို ပို့ဆောင်ပေးပြီး သွေးထဲကအညစ်အကြေးတွေကို ပြန်လည်သန့်စင်ဖို့ အဆုတ်ဆီကို ပြန်လည်ပို့ဆောင်ခြင်းမှာ အဓိကလုပ်ဆောင်ပေးပါတယ်။ အဲဒါကြောင့် သံဓာတ်ဟာ သွေးနီဥတွေနဲ့ ခန္ဓာကိုယ်ရဲ့သွေးအားကို ဖြည့်တင်းရာမှာ အဓိကကျပါတယ်။ သံဓာတ်ချို့တဲ့ခြင်းကြောင့် သွေးအားနည်းရောဂါ၊ ခုခံအားကျတာတွေ၊ ရောဂါပိုးဝင်ရောက်ဖို့ အခွင့်အလမ်းပိုများလာနိုင်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ လမစေ့ပေါင်မပြည့်ကလေး မွေးဖွားနိုင်ချေပိုများခြင်းတွေ ဖြစ်စေပါတယ်။ သံဓာတ်အားနည်းတဲ့ကလေးတွေဟာ ခန္ဓာကိုယ်ကြီးထွားမှုနဲ့ ဦးနှောက်ဖွံ့ဖြိုးမှု နှေးကွေးခြင်း၊ မှတ်သားနိုင်မှုအားနည်းခြင်း၊ ခုံခံအားကျခြင်းနဲ့ ရောဂါရလွယ်ပြီးချူချာတတ်ခြင်းတို့ ဖြစ်စေပါတယ်။

သံဓါတ်ချို့တဲ့လျှင် မောပန်းလွယ်ခြင်း၊ ညောင်းညာခြင်း၊ မအီမသာဖြစ်ခြင်း၊ ရင်တုန်ခြင်း၊ မူးဝေခြင်း၊ နှုတ်ခမ်း၊ မျက်ခမ်း၊ လက်ဖဝါးတို့တွင် ဖြူဖတ်ဖြူရော်ဖြစ်ခြင်း၊ အစားအသောက်ပျက်ခြင်း စသည်တို့ဖြစ်နိုင်ပါတယ်။

ထို့ကြောင့် ကလေးငယ်များတွင် သံဓါတ်မချို့တဲ့စေရန် အသား၊ အမဲသား၊ အသည်း၊ သွေးခဲ၊ ငါး အမျိုးမျိုး၊ ဥ အမျိုးမျိုး၊ ပဲ အမျိုးမျိုးနဲ့ အစိမ်းရင့်ရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေကို ကျွေးမွေးသင့်ပါတယ်။

ခန္ဓာကိုယ်အတွက် အရေးပါတဲ့ဗီတာမင်ဓာတ်များအကြောင်းနဲ့ ဗီတာမင်ဓာတ်ပြည့်ဝတဲ့ ဘယ်လိုအစားအစာမျိုးတွေကို စားသုံးသင့်သလဲဆိုတာကို ဒီနေရာမှာ ဆက်လက်လေ့လာနိုင်ပါတယ်။

UNCDF မှပြုလုပ်သော အခြေခံအာဟာရနှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲနှင့် LEARN စီမံကိန်း၏ကျန်းမာရေးအသိပညာပေး ကိုးကားချက်များမှ ထုတ်နှုတ်ထားပါသည်။