Three essential food groups

ကျန်းမာဖို့အတွက် အရေးကြီးတဲ့အစာအုပ်စု ၃ မျိုး

ကျန်းမာရေးကောင်းမွန်ခြင်းက လာဘ်တစ်ပါးဖြစ်တယ်လို့ ရှေးလူကြီးများက ဆိုထားပါတယ်။ ကျန်းမာမှသာ မိမိတို့ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ကောင်းစွာလုပ်ဆောင်နိုင်ပြီး မိသားစုအရေး၊ ရပ်ရွာအရေးတို့ကို ကောင်းစွာ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ကျန်းမာကြံ့ခိုင်မှုက လူကြီးများအတွက်သာမက ကလေးငယ်များအတွက်လည်း အလွန်အရေးကြီးပါတယ်။ ကလေးငယ်များကို အာဟာရပြည့်ဝစွာ ကျွေးမွေးပြုစုခြင်းက ၎င်းတို့ကို ကောင်းစွာကြီးထွား ဖွံ့ဖြိုးစေပါတယ်။  မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်များနဲ့ အစာအုပ်စုများအကြာင်းကို သိရှိနားလည်ပါက ကလေးငယ်များနဲ့ မိမိရဲ့မိသားစုကို အာဟာရချို့တဲ့မှုနဲ့ နောက်ဆက်တွဲဘေးအန္တရာယ်များမှ ကင်းဝေးနိုင်ပါတယ်။ 

အစာအုပ်စု အမျိုးအစားများ

ကလေးငယ်များကို အာဟာရချို့တဲ့မှုမဖြစ်စေရန် ကျွေးမွေးသင့်တဲ့အစာအုပ်စု ၃ မျိုးရှိပါတယ်။ အဲဒါတွေကတော့

  • အင်အားဖြစ်တဲ့ အစားအစာများအုပ်စု
  • ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေတဲ့ အစားအစာများအုပ်စု
  • ရောဂါကာကွယ်စေတဲ့ အစားအစာများအုပ်စု တို့ဖြစ်ပါတယ်။

၁။ အင်အားဖြစ်စေသောအစားအစာများ

ကျွန်ုပ်တို့ နေ့စဉ်လှုပ်ရှားသွားလာနိုင်ဖို့၊ အလုပ်လုပ်နိုင်ဖို့နဲ့ အမောအပန်းခံနိုင်ဖို့အတွက် လိုအပ်တဲ့စွမ်းအင်တွေကို အင်အားဖြစ်စေတဲ့အစားအစာတွေကနေ ရရှိတာဖြစ်ပါတယ်။ အဆိုပါအစာအုပ်စုအမျိုးအစားတွင် ထမင်း၊ ခေါက်ဆွဲ၊ ဆန်ခေါက်ဆွဲ၊ ပိန်းဥ၊ ဆီ၊ ပေါင်မုန့်၊ မုန့်ဖက်ထုပ်၊ ကန်စွန်းဥ၊ နံပြား၊ ကောက်ညှင်းထုပ်၊ အာလူးနဲ့ ပြောင်းဖူးတို့ ပါဝင်ပါတယ်။

၂။ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေသောအစားအစာများ

ကိုယ်ခန္ဓာကြီးထွား ဖွံ့ဖြိုးစေတဲ့အစာအုပ်စုမှ ရရှိတဲ့အာဟာရဓာတ်များက ကျွန်ုပ်တို့ နာမကျန်းဖြစ်တဲ့အခါ အမြန်ဆုံး သက်သာပျောက်ကင်းစေပြီး ကိုယ်ခန္ဓာဖွံ့ဖြိုးမှုကို အထောက်အပံ့ပေးပါတယ်။ အဆိုပါ အစာအုပ်စုအမျိုးအစားတွင် ပဲအမျိုးမျိုး (ဥပမာ - ပဲလွန်း၊ တို့ဟူး၊ ပဲနီလေး၊ ပဲပြား၊ ကုလားပဲ၊ ပဲပုပ်ပြား၊ မြေပဲ) နဲ့ တိရစ္ဆာန်ထွက်ကုန်တွေဖြစ်တဲ့ ဥအမျိုးမျိုး (ဥပမာ - ကြက်ဥ၊ ဘဲဥ၊ ငုံးဥ)၊ အသားအမျိုးမျိုး (ဥပမာ - ကြက်သား၊ ဝက်သား၊ အမဲသား)၊ ငါးပုဇွန်အမျိုးမျိုးနဲ့ နို့ထွက်ပစ္စည်းများ (ဥပမာ - နွားနို့၊ ဒိန်ခဲ၊ ဒိန်ချဥ်) အစရှိတာတွေ ပါဝင်ပါတယ်။ ထိုအစားအစားတွေဟာ အသားဓာတ်၊ ဗီတာမင်ဓာတ်များ၊ သတ္တုဓာတ်နဲ့ အဆီဓာတ်များ ပါဝင်တဲ့အကောင်းဆုံးအရင်းအမြစ်များ ဖြစ်ပါတယ်။

၃။ ရောဂါကာကွယ်သောအစားအစာများ

ရောဂါကာကွယ်စေတဲ့ အစားအစာတွေကို သင့်တင့်မျှတအောင်စားသုံးခြင်းက ကျွန်ုပ်တို့ကို နာမကျန်းဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။ အဆိုပါအစာအုပ်စုတွင် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများစွာ ပါဝင်ပါတယ်။ ဥပမာ - နာနတ်သီး၊ သင်္ဘောသီး၊ မုန်လာဥနီ၊ ပဲစောင်းလျားသီး၊ ဘူးညွန့်၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ ပဲပင်ပေါက်၊ ရွှေဖယုံသီး၊ ဟင်းနုနွယ်၊ သရက်သီး၊ အာလူး၊ မုန်ညင်းရွက်၊ သံပုရာသီး၊ ဒန့်ဒလွန်ရွက်၊ ပဲတောင့်ရှည်၊ မြင်းခွါရွက်၊ ကြက်ဟင်းခါးသီး၊ ကန်စွန်းရွက် အစရှိတာတွေ ဖြစ်ပါတယ်။ ထိုအစာအုပ်စုက ကိုယ်ခန္ဓာအတွက်လိုအပ်တဲ့ ဗီတာမင်ဓာတ်များ၊ သတ္တုဓာတ်များနဲ့ အမျှင်ဓာတ်များပေးတဲ့ အကောင်းဆုံးအစာရင်းမြစ်တွေ ဖြစ်ကြပါတယ်။

အစာအုပ်စုများအကြောင်းကို လေ့လာသိရှိပြီးနောက် သက်စောင့်ဓာတ်များ (ဗီတာမင်)နဲ့ သတ္တုဓာတ်များအကြောင်းကို ဒီနေရာမှာ လေ့လာဖတ်ရှုလိုက်ပါ။

UNCDF မှပြုလုပ်သော အခြေခံအာဟာရနှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲနှင့် LEARN စီမံကိန်း၏ကျန်းမာရေးအသိပညာပေး ကိုးကားချက်များမှ ထုတ်နှုတ်ထားပါသည်။