How to start a small business

အသေးစား (သို့) တစ်နိုင်တစ်ပိုင်လုပ်ငန်း စတင်လုပ်ကိုင်လိုသူများအတွက် သိကောင်းစရာများ

စားသောက်ဆိုင်၊ ဆံပင်ညှပ်ဆိုင်၊ ကုန်စုံဆိုင်၊ မုန့်နဲ့ အစားအစာ ထုတ်လုပ်ရောင်းချခြင်း အစရှိတဲ့ အသေးစားသော်လည်းကောင်း၊ တစ်နိုင်တစ်ပိုင်သော်လည်းကောင်း မိမိကိုယ်ပိုင်လုပ်ငန်းတစ်ခုကို စတင်အကောင်ထည်ဖော်ဖို့အတွက် စဉ်းစားနေပြီလား။ အကယ်၍ သင်ဟာ ရည်မှန်းချက်ကြီးမားတဲ့ စွန့်ဦးတီထွင်သူတစ်ယောက်ဖြစ်တယ်ဆိုရင်တော့ မိမိရဲ့မျှော်မှန်းချက်တွေကို ဘယ်လိုလက်တွေ့ အကောင်အထည်ဖော်မလဲဆိုတဲ့ အသိအမြင်တွေကို အခုဆောင်းပါးကနေရယူလိုက်ပါ။ အောင်မြင်တဲ့စွန့်ဦးတီထွင်လုပ်ငန်းတစ်ခု အစပြုဖို့အတွက် လမ်းပြမြေပုံလေးကို အောက်မှဖော်ပြပေးလိုက်ပါပြီ။

၁။ လေ့လာဆန်းစစ်မှုနဲ့ အရင်းအမြစ်များဖော်ထုတ်ခြင်း

စတင်လုပ်ကိုင်လိုတဲ့လုပ်ငန်းနဲ့ပတ်သက်ပြီး သေသေချာချာလေ့လာမှုပြုလုပ်ပါ။ လုပ်ငန်းအကောင်အထည်ဖော်နိုင်ဖို့ လိုအပ်တဲ့အရင်းအမြစ်တွေကို ဆန်းစစ်ပါ။ ဈေးကွက်အနေအထား၊ ကုန်ကြမ်းရရှိနိုင်မှု၊ ဝန်ထမ်းအရေအတွက်၊ လုပ်ကိုင်နိုင်စွမ်း၊ ကျွမ်းကျင်မှုအနေအထား အစရှိတဲ့အရာတွေကို ထည့်သွင်းစဉ်းစားပါ။

၂။ ဈေးကွက်ကို လေ့လာဆန်းစစ်ခြင်း

ဖြစ်နိုင်ချေရှိတဲ့စျေးကွက်ကို လေ့လာဆန်းစစ်ပြီး သယ်ယူပို့ဆောင်ရေးနဲ့ အခြားလိုအပ်တဲ့ ထုတ်ကုန်လမ်းကြောင်းများ၊ ဝင်ငွေရနိုင်မယ့်လမ်းကြောင်းများကို စဉ်းစားပါ။ ဥပမာ - တစ်နိုင်တစ်ပိုင် အစားအသောက်တစ်ခုခုကို ထုတ်လုပ်ရောင်းချမယ်ဆိုပါက ဝယ်ယူသုံးစွဲသူတွေဆီကို မိမိရဲ့ထုတ်ကုန်ပစ္စည်း ပို့ဆောင်ရောင်းချနိုင်မယ့် လမ်းကြောင်းတွေကို ထည့်သွင်းစဉ်းစားပါ။

၃။ သေချာတဲ့ငွေကြေးအရင်းအမြစ်များကို ရှာဖွေခြင်း

အထက်ဖော်ပြပါအချက်တွေပါဝင်တဲ့ စီးပွားရေးလုပ်ငန်းပုံစံတစ်ခုကို ရေးဆွဲပြီးပါက မိမိလုပ်ငန်းကို စတင်နိုင်လည်ပတ်နိုင်ဖို့ လိုအပ်တဲ့ငွေအရင်းအနှီးပမာဏကို တွက်ချက်ပါ။ ထိုသို့တွက်ချက်ရာမှာ ဖြစ်နိုင်ချေရှိတဲ့ ကုန်ကျစရိတ်များအားလုံးကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ မိမိမှာ စုဆောင်းထားတဲ့ငွေပမာဏက ယခုစတင်မယ့်လုပ်ငန်းအတွက် မည်မျှအတိုင်းအတာအထိ လုံလောက်နိုင်မလဲ (သို့မဟုတ်) ထပ်ဆောင်းရင်းနှီးငွေလိုအပ်သလား အစရှိတဲ့အရာတွေကိုလဲ တွက်ချက်ပါ။

လုပ်ငန်းအတွက် ရင်းနှီးငွေလိုအပ်ပါက ယုံကြည်စိတ်ချရသော ငွေကြေးအရင်းအမြစ်တွေကို ဘယ်လိုရှာဖွေနိုင်မလဲဆိုတာကို သိရှိဖို့လိုအပ်ပါတယ်။ သို့မှသာ မိမိနဲ့ မိမိလုပ်ငန်းအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ မသမာသူများရဲ့လိမ်လည်မှုအန္တရာယ်မှ ကင်းလွတ်နိုင်မှာဖြစ်ပြီး လုပ်ငန်းရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ခိုင်မာတဲ့ငွေကြေးအရင်းအမြစ်ကို ရရှိနိုင်မှာဖြစ်ပါတယ်။ လုပ်ငန်းတစ်ခုကိုစတင်တဲ့အခါ ရင်းနှီးငွေကို ဘယ်လိုရှာဖွေမလဲဆိုတာကို ဒီနေရာမှာ ဆက်လက်ဖတ်ရှုလေ့လာနိုင်ပါတယ်။