Navigating reliable financial resources for your business growth

မိမိလုပ်ငန်းအတွက် ယုံကြည်စိတ်ချရသော ငွေကြေးအရင်းအနှီးများရှာဖွေခြင်း

စီးပွားရေးလုပ်ငန်းတွေအတွက် ရေရှည်မှာစဉ်ဆက်မပြတ် ကြီးထွားဖွံ့ဖြိုးနိုင်စေဖို့ ငွေကြေးလည်ပတ်မှုနဲ့အရင်းအနှီးဟာ လွန်စွာအရေးကြီးပါတယ်။ ငွေကြေးအရင်းအနှီးတွေကိုရှာဖွေတဲ့အခါမှာလည်း မိမိရဲ့လုပ်ငန်းကို ကျန်းမာစွာလည်ပတ်နိုင်စေပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ဦးစားပေးတဲ့အရင်းအမြစ်တွေကို ရှာဖွေသင့်ပါတယ်။ အဲဒါကြောင့် စီးပွားရေးလုပ်ငန်းတွေအတွက် လိုအပ်တဲ့ငွေကြေးအရင်းအနှီးတွေကို ဘယ်လိုအရင်းအမြစ်တွေကနေ ရရှိနိုင်သလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

ငွေကြေးအရင်းအမြစ် ၁။ မိမိ၏စုဆောင်းငွေ

မိမိအနေနဲ့ ကိုယ်ပိုင်လုပ်ငန်းတစ်ခုလုပ်ကိုင်ရန် ရည်ရွယ်ထားပါက ထိုလုပ်ငန်းစတင်ရန်အတွက် ငွေကြေးပမာဏတစ်ခု စုဆောင်းထားပါက အရင်းအနှီးတစ်ခုအဖြစ် အသုံးပြုနိုင်ပါတယ်။ စုဆောင်းထားငွေပမာဏအပေါ်မူတည်ပြီး လုပ်ငန်းမှာရင်းနှီးမြှုပ်နှံဖို့အတွက် ကန့်သတ်ချက်ရှိသော်လည်း မိမိရဲ့ကိုယ်ပိုင်ငွေဖြစ်တဲ့အတွက်ကြောင့် အပြည့်အဝထိန်းချုပ်နိုင်ပြီး အတိုင်းအတာတစ်ခုအထိ အကောင်ထည်ဖော်လုပ်ဆောင်နိုင်ပါတယ်။ သို့သော်လည်း လိုအပ်တဲ့ပမာဏတစ်ခုရဖို့အတွက် ငွေစုဆောင်းခြင်းဟာ အချိန်ယူရပါတယ်။ အဲဒါကြောင့် မြန်မြန်ဆန်ဆန် လုပ်ငန်းချဲ့ထွင်ချင်တယ်ဆိုရင်တော့ ဒီနည်းလမ်းတစ်ခုတည်းနဲ့က မလုံလောက်ပါဘူး။ နောက်ပြီး လုပ်ငန်းပိုမိုတိုးတက်လာတာနဲ့အမျှ ရင်းနှီးငွေပိုပြီး လိုအပ်လာနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်မှုများလုပ်ထားဖို့ လိုပါတယ်။

ငွေကြေးအရင်းအမြစ် ၂။ ရင်းနှီးမြှုပ်နှံသူကို ရှာဖွေခြင်း

မိမိရဲ့စီပွားရေးလုပ်ငန်းကို စိတ်ပါဝင်စားပြီး အမှန်တကယ်ရင်းနှီးမြှုပ်နှံမယ့်သူကို ရှာဖွေခြင်းကလည်း လုပ်ငန်းအတွက် လိုအပ်တဲ့ငွေကြေးအရင်းအနှီးကို ရရှိနိုင်ပါတယ်။ မိမိရဲ့ မိသားစုထဲမှသော်လည်းကောင်း၊ မိတ်ဆွေများထဲမှသော်လည်းကောင်း မိမိရဲ့စီးပွားရေးလုပ်ငန်းကို အမှန်တကယ်စိတ်ဝင်စားပြီး တိုးတက်စေချင်တဲ့သူများကို ရှာဖွေသင့်ပါတယ်။ ဒီလိုမျိုး ပူးပေါင်းရင်းနှီးမြှုပ်နှံတဲ့အခါမှာလည်း ရင်းနှီးမြှုပ်နှံမှုမစတင်ကတည်းက နှစ်ဦးနှစ်ဖက်အနေနဲ့ လုပ်ကိုင်မယ့်စီးပွားရေးလုပ်ငန်းကနေ လိုချင်တဲ့အရင်းအနှီး၊ အမြတ်အစွန်း၊ လိုက်နာရမယ့်အချက်များ အစရှိတာတွေကို တိကျသေချာစွာ ပြောဆိုညှိနှိုင်း မှတ်တမ်းယူထားသင့်ပါတယ်။ ဖြစ်နိုင်လျှင် တရားဝင်စာချုပ်တွေနဲ့ မှတ်တမ်းပြုလုပ်ထားသင့်ပါတယ်။

ငွေကြေးအရင်းအမြစ် ၃။ ဘဏ် (သို့) တရားဝင် အသေးစားငွေကြေးအဖွဲ့အစည်းများ

ဘဏ် (သို့) တရားဝင် လုပ်ငန်းလည်ပတ်နေတဲ့ ငွေကြေးဝန်ဆောင်မှုအဖွဲ့အစည်းတွေကနေ ချေးငွေရယူခြင်းက စိတ်ချရတဲ့ ငွေကြေးအရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။ အဲဒီအဖွဲ့အစည်းတွေက ချမှတ်ထားတဲ့စံနှုန်းတွေကိုလိုက်နာပြီး မိမိပြုလုပ်လိုတဲ့လုပ်ငန်းအတွက် လိုအပ်တဲ့ငွေပမာဏတစ်ခုကို ချေးငွေရယူခြင်းက မိတ်ဆွေတို့အတွက် ရွေးချယ်စရာတစ်ခုပါပဲ။ အဲဒီဘဏ်တွေ (သို့) အသေးစားငွေကြေးအဖွဲ့အစည်းတွေမှာ ချေးငွေလျှောက်ထားမှုတွေ ပြုလုပ်တော့မယ်ဆိုရင် အဲဒီအဖွဲ့အစည်းတွေက ချမှတ်ထားတဲ့သတ်မှတ်ချက်တွေနဲ့ လိုအပ်တဲ့အချက်အလက်တွေကို ပြည့်စုံစွာရှိဖို့လည်း လိုအပ်ပါတယ်။ အဲဒါကြောင့် မိမိယူမယ့်ချေးငွေဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး တိကျသေချာစွာ လေ့လာစုံစမ်းထားသင့်ပါတယ်။ မိမိအကောင်ထည်ဖော်လိုတဲ့ လုပ်ငန်းအတွက် အစီအမံများကို ကောင်းစွာရေးဆွဲပြီး အကြွေးစီမံခန့်ခွဲခြင်းစနစ်တွေကို ကောင်းစွာကျင့်သုံးနိုင်ပါက ချေးငွေကိုလွယ်ကူစွာရရှိနိုင်ပါတယ်။

ဗွီးရှင်းဖန်း(ဒ်)မြန်မာက အသေးစားစီးပွားရေးလုပ်ငန်းများအတွက် ချေးငွေများအကြောင်းသိရှိလို့ပါက ယခုနေရာ မှတစ်ဆင့် လေ့လာနိုင်ပါတယ်။ ချေးငွေကို အကျိုးရှိထိရောက်စွာရယူခြင်းနဲ့ စနစ်တကျစီမံခန့်ခွဲခြင်းတို့ကို ယခုနေရာ မှတစ်ဆင့် ဖတ်ရှုလေ့လာနိုင်ပါတယ်။

သတိထားရမှာက လူမှုကွန်ယက်စာမျက်နှာတွေမှာ မသမာသူတွေဟာ ဘဏ်တွေနဲ့ တရားဝင်ချေးငွေလုပ်ငန်းတွေ အယောင်ဆောင်ပြီး ငွေကြေးလိမ်လည်မှုတွေကို ကျူးလွန်နေကြပါတယ်။ အဲဒါကြောင့် မိမိကအပြင်မှာချေးငွေယူဖို့ စဉ်းစားထားတယ်ဆိုရင် အဲဒီချေးငွေလုပ်ငန်းက တကယ်ယုံကြည်စိတ်ချရတဲ့ တရားဝင်ချေးငွေလုပ်ငန်းဖြစ်မဖြစ်ကို သေချာစွာစီစစ်ပါ။ ထိုသို့ငွေကြေးလိမ်လည်မှုတွေကို ဘယ်လိုသတိထား ရှောင်ရှားသင့်သလဲဆိုတာကိုလည်း ယခုဗီဒီယိုမှာ လေ့လာနိုင်ပါတယ်။