မှော်ဘီမြို့မှ ကျန်းမာရေးသူရဲကောင်း

အင်္ဂါနေ့, မတ်လ 22, 2022
အင်္ဂါနေ့, မတ်လ 22, 2022

ဒေါ်ခင်ဖြူဖြူသက် (၄၉ နှစ်) သည် မြို့နယ်ဆေးခန်းတွင် ၁၉၉၆ နှစ်မှစ၍ သစ္စာရှိရှိ တာဝန်ထမ်းဆောင်ခဲ့သော သူနာပြုနှင့် သားဖွားဆရာမတစ်ယောက်ဖြစ်ပြီး သူမကိုယ်တိုင်လည်း ကလေးသုံးယောက်၏ မိခင်ဖြစ်သည်။ ဒေါ်ခင်ဖြူဖြူသက်အတွက် လူနာပြုစုခြင်းသည် မည်ကဲ့သို့ အသားကျနေကြောင်းကို ပြောပြခဲ့ပါသည်။

ကျွန်မအဖေက ကျန်းမာရေးဆရာဝန်တစ်ယောက်ဖြစ်တဲ့အတွက် သူတာဝန်ကျရာနေရာတိုင်းကို ကျွန်မတို့တစ်မိသားစုလုံး ပြောင်းရွှေ့နေထိုင်ခဲ့ရပါတယ်။ ကျွန်မငယ်ငယ်ကတည်းက လူနာတွေ၊ ခွဲစိတ်ရတဲ့ကိစ္စတွေနဲ့ ဆေးခန်းကိစ္စတွေကို ကူညီလုပ်ကိုင်ပေးရတဲ့အတွက် ကျွန်မအတွက်တော့ သူနာပြုအလုပ်က အသားကျနေပါပြီ။ ကျွန်မအဖေရဲ့ အမွေတွေပေါ့။

သို့သော်လည်း လူတစ်သောင်းအတွက် သူနာပြုဆရာမတစ်ဦးတည်းသာရှိသော သူမပတ်ဝန်းကျင်တွင် ပထမဦးဆုံး ကိုယ်တိုင်ကိုယ်ကျ လုပ်ကိုင်ရသည့်အခါ သူမအနေနှင့် အခက်အခဲများစွာကို ရင်ဆိုင်ခဲ့ရပါသည်။ သူမထံ မီးဖွားရန် လာရောက်ကြသော မိခင်များကိုလည်း လက်ခံမွေးဖွားရန် နေရာအလုံအလောက်မရှိခဲ့ပါ။

အစောပိုင်းကာလများတွင် ဆေးခန်း၌ လူကျသောအချိန်များနှင့် အလုပ်ချိန်ပြင်ပများတွင် လိုအပ်ပါပ သူမအိမ်သို့ လာရောက်ပြသခဲ့ကြသည်။ တစ်ခါတစ်ရံ သူမအိမ်၌ပင် မီဖွားပေးခဲ့ရသည်။ သူမထံရောက်လာသော လူနာများကို အကောင်းဆုံးဆောင်ရွက်ပေးခဲ့သော်လည်း ကိုယ်ပိုင်သားဖွားဆေးခန်းဖွင့်လှစ်လျှင် ရပ်ရွာပြည်သူများအတွက် ပိုမိုအကျိုးပြုဆောင်ရွက်ပေးနိုင်မည်ကို သိရှိသဘောပေါက်လာခဲ့သည်။

ထို့ကြောင့် ၂၀၀၇ ခုနှစ်တွင် ဒေါ်ဖြူဖြူသည် လိုင်စဉ်ရသားဖွားဆေးခန်းလေးကို စတင်ဖွင့်လှစ်ခဲ့သည်။ မြို့နယ်ဆေးခန်းတွင်တာဝန်ချိန်ပြီးဆုံးသည်နှင့် ညနေပိုင်းတွင် ကိုယ်ပိုင်ဆေးခန်း၌ ဆက်လက်အလုပ်လုပ်ကိုင်ခဲ့သည်။ ပုံမှန်အားဖြင့် တစ်နေကုန် အလုပ်လုပ်ကိုင်ရပြီး ဆေးခန်းသို့ သွားလာရလွယ်ကူခြင်းနှင့် သူမ၏ ကျွမ်းကျင်မှုတို့ကြောင့် ဆေးခန်းသို့လာရောက်သော လူနာများ လျင်မြန်စွာများပြားလာခဲ့သည်။ ထိုသို့များပြားလာသောကြောင့် အနီးတစ်ဝိုက်တွင် ဆေးဆိုင်အလုံအလောက်မရှိကြောင်း သတိပြုမိခဲ့သည်။

ရွာတစ်ရွာကို အိမ်ထောင်စု ၅၀၀ ရှိပါတယ်။ ဒါပေမဲ့လိုအပ်တဲ့ ဆေးဝါးတွေရနိုင်တဲ့ ဆေးဆိုင်တွေတော့ မလုံလောက်ပါဘူး။ ဆေးခန်းဖွင့်ကတည်း ဆေးနှင့် ဆက်စပ်ပစ္စည်းတွေ ဝယ်ထားဖို့လိုပါတယ်။ အဲဒါကြောင့် ဆေးဆိုင်ဖွင့်ဖို့ လိုလာတာကို တွေ့ခဲ့ရပါတယ်။

သူမလစဉ်ဝင်ငွေမှ စုငွေများနှင့် ဆေးခန်းမှအမြတ်များဖြင့် ဆေးဆိုင်ကိုဖွင့်လှစ်ခဲ့ပြီး သားဖွားဆေးခန်းဆက်လက်ချဲ့ထွင်ခဲ့ပါသည်။ တိုးတက်လာသော စီးပွားရေးကို စီမံရန် အရင်အနှီးထည့်ဝင်ခြင်းသည်လည်း စိန်ခေါ်မှုတစ်ရပ်ဖြစ်ခဲ့သည်။  ဆေးကုမ္ပဏီကြီးတစ်ခုမှ အကြွေးဖြင့် ဝယ်ယူနိုင်ခဲ့သော်လည်း ၁ သိန်းကျပ်သာ သတ်မှတ်ထားသောကြောင့် လိုအပ်သလောက်မရရှိခဲ့ပါ။

ထိုစဉ် သူမ၏ ဆေးခန်းကို ပိိုမိုကြီးမားစွာ အဆင်မြှင့်တင်ပြီး သူနာပြုအကူများငှားရမ်းက လူနာများကို လက်ခံလိုခဲ့သည်။ အစပိုင်းတွင် မြို့တွင်းချေးငွေထောက်ပံ့သူများထံ ငွေချေးကာ ဆေးခန်းနှင့် ဆေးဆိုင်အတွက် ဆေးပစ္စည်းများ ပိုမိုသိုလှောင်နိုင်ရန် ဆောင်ရွက်ခဲ့သော်လည်း ချေးငွေပမာဏကို လိုအပ်သလောက်မရနိုင်ခဲ့ပါ။ ထို့ကြောင့် သူမသူငယ်ချင်းထံမှ ဗွီးရှင်းဖန်း(ဒ်)၏ ချေးငွေပမာဏများပြားသော အသေးစားဖွံ့ဖြိုးစစီးပွားရေးလုပ်ငန်းချေးငွေကို သိရှိခဲ့ရပြီး ချက်ချင်းဆိုသလို ချေးငွေမိတ်ဆက်ပွဲကို တက်ရောက်ကာ ၂၀၂၀ ခုနှစ်အစောပိုင်းတွင် ငွေကျပ်သိန်းတစ်ရာကို စတင်ချေးယူခဲ့သည်။ ဤပမာဏသည် ယခင်သူမချေးယူခဲ့သော ပဏမထက် လေးဆပိုမိုများပြားပြီး လေးထပ်တိုက်အဆောက်အုံဖြင့် သူမ၏ ဆေးခန်းနှင့် ဆေးခန်းကို တိုးချဲ့ကာ ဆေးပစ္စည်းများကိုလည်း ပိုမိုသိုလှောင်နိုင်ခဲ့သည်။ သူမ၏ ဝင်ငွေသည် သိန်း ၃၀ မှ သိန်း ၇၀  သို့တိုးတက်လာခဲ့ပြီး သူနာပြုသုံးယောက်နှင့် ဆေးခန်းနှင့် ဆေးဆိုင်တွင် ကူညီရန် ဝန်ထမ်းနှစ်ယောက်ကို ခန့်ထားနိုင်ခဲ့သည်။

သူမ၏ ရွာလေးတွင် ကိုဗစ်ရောဂါများ စတင်ဖြစ်ပွားလာသည်နှင့် တစ်ပြိုင်နက် သူမ၏ ဝန်ဆောင်မှုများကို အလျင်အမြန်လိုအပ်လာကြသည်။ "ဗွီးရှင်းဖန်း(ဒ်)မှ ချေးငွေနဲ့ လိုအပ်တဲ့ ဆေးဝါးပစ္စည်းတွေကို ဈေးမတက်ခင် ဝယ်ယူသိုလှောင်ထားခဲ့နိုင်ပါတယ်" ဟု ဒေါ်ဖြူဖြူမှ အသားပေးပြောကြားခဲ့ပါသည်။ အခြားဆေးဆိုင်များ ပစ္စည်းပြတ်လပ်သွားသော်လည်း သူမ၏ ဆေးဆိုင်လေးမှာ တစ်နေ့လျှင် လူ ၁၀၀ ကျော်ရောင်းချပေးခဲ့ရပါသည်။ ထို့အတူ သူမနှင့် သူမ၏သူနာပြုများသည် တစ်နေ့လျှင် မွေးဖွားခါနီး ကိုယ်ဝန်ဆောင်မိခင် ၂၀ ကျော်ကိုလည်း ကြည့်ရှုစောင့်ရှောက်ပေးခဲ့ရသည်။ ရောဂါဖြစ်ပွားမှုပြင်းထန်လေလေ သူမအနေဖြင့် ဆေးဝါးနှင့် ကျန်းမာရေးဝန်ဆောင်မှုများကို ပိုမိုဆောင်ရွက်ပေးရလေလေဖြစ်သည်။ ရောဂါပိုးသည် တတိယလှိုင်းတွင် ဖျားနာခြင်းများ၊ အသွားအလာ ပိတ်ဆို့ကန့်သတ်ခြင်းများဖြင့် ဆူနာမီကဲ့သို့ မှော်ဘီမြို့ကို ရိုက်ခက်ခဲ့သော်လည်း ဒေါ်ဖြူဖြူသည် တယ်လီဖုန်းမှ ကျန်းမာရေးဆွေးနွေးပေးခြင်း၊ အိမ်လိုက်၍ မီးဖွားခြင်းများကို ဆက်လက်လုပ်ဆောင်ခဲ့ရသည်။

ယခုအခါတွင်လည်း ကိုဗစ်ရောဂါပိုးကို ကုသကာကွယ်ရန်၊ ကျန်းမာရေးစောင့်ရှောက်မှုများ မပြတ်ရှိစေရန် အချိန်များစွာပေး၍ ကြိုးစားနေရသည်။ အဖြစ်များသော ကာလများတွင် သူမ၏အလုပ်ချိန်သည် လေးဆ၊ ငါးဆလောက်မြင့်တက်သွားသော်လည်း ကျန်းမာရေးကာကွယ်ဝတ်စုံများ စနစ်တကျဝတ်ဆင်ခြင်း၊ ဆေးခန်းဝန်ထမ်းများနှင့် သူမကိုယ်တိုင်လည်း စိတ်ချရစေရန် မိသားစုနှင့် သီးသန့်ခွဲနေထိုင်ခြင်းများပြလုပ်ခဲ့ရသည်။ သူမအမျိုးသားသည်လည်း ၎င်းတို့ပတ်ဝန်းကျင်တွင် အလွန်အမင်း လိုအပ်နေသော ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ဆေးဝါးများကို ထောက်ပံ့ပေးနိုင်ရန် သူမ၏စီးပွားရေးတွင် ပါဝင်လာခဲ့သည်။


ယခုကဲ့သို့ အခြေအနေတွင်လည်း ဒေါ်ဖြူဖြူသည် သူမစီးပွားရေး၏ အနာဂတ်ရှေ့ရေးကို ကြည့်ရှုလိုစိတ်ရှိသည်။ "ဒီလေးထပ်တိုက်ကြီးအပြည့် ကိုယ်ပိုင်ဆေးခန်းဖွင့်ဖို့ကို ကျွန်မအမြဲတမ်း စိတ်ကူးယဉ်ခဲ့ရတာပါ။ ဒါက ကျွန်မရဲ့ အနာဂတ်အစီအစဉ်ဖြစ်သလို ကျွန်မလုပ်ငန်းအတွက် အိပ်မက်တစ်ခုလည်းဖြစ်ပါတယ်။" သူမသည် သူမအလုပ်အပေါ်ဂုဏ်ယူစွာ လုပ်ကိုင်သလို သူမ၏ ပတ်ဝန်းကျင်ကိုလည်း သိသာတဲ့ပြောင်းလဲမှုတွေ ပြုလုပ်ပေးနိုင်မည်ဟု ယုံကြည်သူတစ်ဦးဖြစ်ပါသည်။ သူမအဖေထံမှ ပညာအမွေများရခဲ့သလို တစ်နေ့တွင်လည်း သူမ၏ကလေးများဆီသို့ လွှဲပြောင်းပေးအပ်နိုင်ရန် မျှော်လင့်လျက်ရှိပါသည်။ "ကျွန်မသမီးအငယ်ဆုံးလေးက ဆရာဝန်ဖြစ်ချင်တာ။ ကျွန်မလျှောက်ခဲ့တဲ့လမ်းကို တစ်ထေရာတည်းလိုက်လျှောက်မယ့်သူလို့ ခံစားရပါတယ်။" ဟု ဂုဏ်ယူစွာဖြင့် မျှဝေခဲ့ပါသည်။