စိန်ခေါ်မှုများကြားမှ အောင်မြင်ခဲ့သောမွေးမြူရေးလုပ်ငန်း

သောကြာနေ့, သြဂုတ်လ 25, 2023
Daw Ohnmar Phone_Taikkyi
သောကြာနေ့, သြဂုတ်လ 25, 2023

ဗွီးရှင်းဖန်း(ဒ်)ချေးငွေများမှတစ်ဆင့်  မဥမ္မာသည် သူ၏သစ်သားဝက်ခြံလေးအား ကွန်ကရစ်ခင်းထားသည့် ဝက်ခြံအသစ်အဖြစ် ဆောက်လုပ်နိုင်ခဲ့ပြီး ဝက်အကောင်ရေကို ပိုမိုတိုးချဲ့မွေးမြူနိုင်ခဲ့ကာ မိသားစုဝင်ငွေလည်း တိုးတက်လာပါသည်။

မဥမ္မာသည် ဆုံးဖြတ်ချက်ခိုင်မာပြီး ဘဝကိုကြိုးစားရုန်းကန်နေသူတစ်ယောက်ဖြစ်ပါသည်။ သူ၏အိပ်မက်မှာ မွေးမြူရေးလုပ်ငန်းကို တိုးချဲ့လုပ်ကိုင်ပြီး မိသားစုအတွက် ကောင်းမွန်သည့်နေထိုင်မှုဘဝရရှိစေရန် ဖြစ်ပါသည်။ ဂျိုးဖြူကျေးရွာအုပ်စု၊ တိုက်ကြီးမြို့နယ်တွင် ခင်ပွန်းဖြစ်သူ၊ အငယ်ဆုံးသားဖြစ်သူတို့နှင့် အတူနေထိုင်လျက်ရှိပါသည်။ သားသမီး ၄ ယောက်ရှိသည့်အနက် အရွယ်ရောက်ပြီး အကြီး ၃ယောက်တွင်  ၂ ယောက်မှာ အထည်ချုပ်စက်ရုံတွင် လုပ်ကိုင်နေကြပါသည်။ မိသားစုစားဝတ်နေရေးအတွက် မွေးမြူရေးလုပ်ငန်းနှင့် သုံးဘီးယာဉ်အငှားလုပ်ငန်းကို လုပ်ကိုင်ပါသည်။

သူနေထိုင်ရာကျေးရွာသို့ ဗွီးရှင်းဖန်း(ဒ်)မြန်မာမှ ငွေကြေးဝန်ဆောင်မှုအကြောင်း လာရောက်ရှင်းပြသည့်အချိန်တွင် ရပ်ရွာထဲမှ ငွေချေးသူများထက် ဗွီးရှင်းဖန်း(ဒ်)၏အတိုးနှုန်းသည် များစွာသက်သာသည်ကိုတွေ့ရှိရသည့်အတွက် ချက်ချင်းပဲ ချေးငွေလျှောက်ထားပြီး ထုတ်ယူခဲ့ပါသည်။ ထို့အပြင် ဗွီးရှင်းဖန်း(ဒ်)မြန်မာသည် သူ၏သားအငယ်ဆုံးအား ထောက်ပံ့ကူညီပေးခဲ့သည့် ဝေါလ်ဗွီးရှင်း(ဒ်)နှင့် လက်တွဲလုပ်ဆောင်နေသည့် အဖွဲ့အစည်းဆိုတာကိုလည်း ဝမ်းမြောက်စွာ သိရှိခဲ့ပါသည်။

“၂၀၁၈ ခုနှစ်မှာ ဗွီးရှင်းဖန်း(ဒ်)မြန်မာနဲ့ စတင်လက်တွဲပြီးတော့ ပထမဆုံးချေးငွေ ၅၅၀,၀၀၀ ကျပ်ကို ထုတ်ခဲ့ပါတယ်။ ဗွီးရှင်းဖန်း(ဒ်)မြန်မာနဲ့ လက်တွဲခဲ့တဲ့ကာလတစ်လျှောက် ဝက် ၂ ကောင် ၃ ကောင်ပဲ မွေးမြူလို့ရတဲ့ သစ်သားဝက်ခြံလေးကနေ အခုဆိုရင် ဝက် ၁၀ ကောင်အထိ မွေးမြူနိုင်တဲ့ ကွန်ကရစ်ဝက်ခြံကို တည်ဆောက်နိုင်ခဲ့ပါတယ်။ သုံးဘီးယာဉ်တစ်စီးလည်း ဝယ်ယူနိုင်ခဲ့ပြီး ကျွန်မအမျိုးသားက အဲဒီသုံးဘီးယာဉ်နဲ့ စက်ရုံဝန်ထမ်းကြိုပို့နဲ့ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး လုပ်ကိုင်တဲ့အတွက် မိသားစုအပိုဝင်ငွေရရှိပါတယ်။ ဝက်မွေးမြူရေးလုပ်ငန်းကနေ ၄ လကို ငွေကျပ် ၁,၀၀၀,၀၀၀ ကနေ ၁,၅၀၀,၀၀၀ ကြားဝင်ငွေရပြီး သုံးဘီးယာဉ်အငှားလုပ်ငန်းက တစ်နေ့ကို ၁၀,၀၀၀ ကျပ်ကနေ ၁၅,၀၀၀ ကျပ်ကြားရပါတယ်။ အခုလက်ရှိမှာ ဗွီးရှင်းဖန်း(ဒ်)မြန်မာက ချေးငွေ ၇ ကြိမ်ထုတ်ထားပြီး လုပ်ငန်းတွေကို ဆက်လက်တိုးချဲ့ဖို့ နည်းလမ်းရှာသွားပါမယ်” ဟု မဥမ္မာမှ ပြောပြခဲ့ပါသည်။

ဝင်ငွေတိုးလာပြီးနောက် မဥမ္မာသည် သူတို့မိသားစုအိမ်လေးကို ဓနိအမိုးသစ်သားအိမ်လေးမှ သွပ်အမိုး တိုက်ခံအိမ်အဖြစ် ပြောင်းလဲဆောက်လုပ်နိုင်ခဲ့ပါသည်။ ပိုအရေးကြီးသည့်အကြောင်းအရာမှာ တည်ငြိမ်လာသည့် မိသားစုဝင်ငွေမှတစ်ဆင့် ကလေးများအား ကျောင်းထားနိုင်ပြီး အငယ်ဆုံးသားလေးမှာလည်း အပြင်ကျူရှင်တွင် တက်ရောက်ပညာသင်နိုင်ခဲ့ ခြင်းဖြစ်ပါသည်။

သူ၏ကျေးရွာသည် ကိုဗစ်ကပ်ရောဂါကြောင့် ထိခိုက်မှုလွန်စွာမဖြစ်ပေမဲ့လည်း မဥမ္မာအတွက် စိန်ခေါ်မှုမှာ လွန်ခဲ့သည့် ၂ နှစ်အတွင်း သူနေထိုင်သည့်ဒေသတွင် ဝက်တုပ်ကွေးရောဂါဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဝက်အများအပြားသေဆုံးခဲ့ကြပါသည်။ အဆိုပါအချိန်တွင် မဥမ္မာ၏တူမဖြစ်သူသည် ဝေါလ်ဗွီးရှင်း၏မွေးမြူရေးနှင့်ပတ်သက်သည့်သင်တန်းသို့ တက်ရောက်လေ့လာခွင့်ရရှိခဲ့ပြီး သူ့အား ပြန်လည်ဝေမျှခဲ့ပါသည်။ မဥမ္မာသည် ကျွမ်းကျင်သူများ၏ ဝက်တုပ်ကွေးရောဂါကာကွယ်ရေး အကြောင်းနှင့်ပတ်သက်သည့် အကြံပေးချက်များအား လိုက်နာခဲ့ပါသည်။ သူ၏ပတ်ဝန်းကျင်တွင် ဝက်တုပ်ကွေးရောဂါကြောင့် ဝက်များအသေအပျောက်ရှိခဲ့သော်လည်း အဆိုပါသင်တန်းမှလေ့လာသိရှိခဲ့သာ ဗဟုသုတများကြောင့် သူ၏ဝက်များအသေအပျောက်မရှိအောင် မွေးမြူနိုင်ခဲ့သည်။

ထိုအချိန်က ဝက်မွေးမြူရေးလုပ်ငန်းတစ်ခုတည်းကိုသာလျှင် မိသားစု၏မှီခိုရာ တစ်ခုတည်းသောဝင်ငွေမဟုတ်ခဲ့ဘဲ သုံးဘီးယာဉ်အငှားလုပ်ငန်း၏ နေ့စဉ်ဝင်ငွေမှာလည်း မိသားစုအတွက် ကြီးမားသည့်အထောက်အပံ့တစ်ခု ဖြစ်စေခဲ့ပါသည်။ မဥမ္မာတို့မိသားစုသည် မတူညီသည့်လုပ်ငန်းများမှ ဝင်ငွေများရရှိအောင် ကြိုးစားလုပ်ဆောင်နိုင်ခဲ့ပြီး ပိုမိုကောင်းမွန်သည့် နေထိုင်မှုဘဝရရှိခဲ့သည်ကို တွေ့မြင်ရပါသည်။

ဗွီးရှင်းဖန်း(ဒ်)မြန်မာမှ မိသားစုများနှင့် ရပ်ရွာလူထုများအား မည်သို့ကူညီပံ့ပိုးပေးနေသည်ကို သိရှိနိုင်ရန်အတွက် ယခုဗွီဒီယိုအား ကြည့်ရှုလိုက်ပါ။