ကြံ့ခိုင်သောမိခင်တစ်ဦး၏ ပျော်ရွှင်သောသားငယ်လေး

အင်္ဂါနေ့, အောက်တိုဘာလ 4, 2022
Yin Yin_Thanpyuzayat
အင်္ဂါနေ့, အောက်တိုဘာလ 4, 2022

(၁၁) နှစ်အရွယ်မြင့်မြတ်သည် လေးတန်းတွင် ပညာသင်ကြားနေပါသည်။ အစ်မဖြစ်သူ ၁၈ နှစ်အရွယ် ဝဿန်ဦးမှာ တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်ထားပါသည်။ သူမသည် ဝေါလ်ဗီးရှင်းမြန်မာ၏ စံကလေးတစ်ဦးလည်း ဖြစ်ခဲ့ဖူးသူဖြစ်ပါသည်။ ထိုမောင်နှမ၏လိုအပ်ချက်များကို သူတို့၏မိခင်ဖြစ်သူယဉ်ယဉ်မှ တစ်ကိုယ်တည်းရုန်းကန်ပြီး ဖြည့်ဆည်းပေးလျက်ရှိပါသည်။ သူတို့သားအမိသည် မွန်ပြည်နယ်၊ သံဖြူဇရပ်တွင် နေထိုင်ကြပါသည်။

မြင့်မြတ်သည် တီထွင်ဖန်တီးရတာကိုနှစ်သက်ပြီး ပန်းချီပညာရှင်တစ်ယောက်ဖြစ်လာဖို့ အိပ်မက်မက်သူဖြစ်ပါသည်။ မိခင်မှာမူ အင်ဂျင်နီယာတစ်ဦးဖြစ်စေချင်သော်လည်း သားဖြစ်ချင်တာကို ထောက်ပံ့ပေးဖို့စိတ်အားထက်သန်သူဖြစ်ပါသည်။ အစ်မဖြစ်သူမှာ ဘာသာစကားလေ့လာရတာကို နှစ်သက်ပြီး အင်္ဂလိပ်နှင့် ကိုးရီးဘာသာစကားကို အလုပ်အကိုင် အခွင့်အလမ်းရရှိရန်အတွက် ကျွမ်းကျင်စွာ တက်မြောက်လိုသူဖြစ်ပါသည်။

မြင့်မြတ် ကိုးနှစ်အရွယ်တွင် ဖခင်ဖြစ်သူကွယ်လွန်သွားချိန်မှာတော့ မိခင်တစ်ဦးတည်းသာ ထိုမောင်နှမ၏ စားဝတ်နေရေးနှင့် ကျောင်းစရိတ်များအတွက် ကျောင်းဈေးရောင်း၍ ရုန်းကန်ရှာဖွေခဲ့ရပါသည်။ သို့​သော် ဝင်ငွေသည် မြင့်မြတ်နှင်သူ့အစ်မအတွက် ကျောင်းဝတ်စုံ၊ စားရေးကိရိယာနှင့် အာဟာရရှိသောအစားအစာ များအတွက် လုံလောက်မှုမရှိခဲ့ပါ။

မိခင်ယဉ်ယဉ်သည် ဗွီးရှင်းဖန်း(ဒ်)မှ ငွေကြေးအထောက်အပံ့ကိုစတင်ရရှိချိန်မှာတော့ သူတို့ဘဝတွင် ပြောင်းလဲမှုများ စတင်ရှိလာခဲ့ပါသည်။ ပထမဆုံးချေးငွေဖြင့် ရေခဲခြစ်စက်နှင့် ကုန်ပစ္စည်းများပိုမိုဝယ်ယူကာ အိမ်ဆိုင်ကို ထပ်မံတိုးချဲ့ဖွင့်နိုင်ခဲ့ပါသည်။ ယဉ်ယဉ်သည် ဗွီးရှင်းဖန်း(ဒ်)ကို သူမ၏အိမ်နီးချင်းများမှတစ်ဆင့်သိခဲ့ပြီး ငွေကြေးဝန်ဆောင်မှုလုပ်ငန်းမှ ပထမဆုံးအကြိမ် ချေးငွေယူခဲ့ခြင်းလည်းဖြစ်ပါသည်။ ချေးငွေရရှိပြီးနောက် သူမ၏လုပ်ငန်းသည် ကောင်းမွန်လာ၍ တစ်နေ့ဝင်ငွေ ၂၀,၀၀၀ ကျပ်မှ ၈၀,၀၀၀ ကျပ်အထိတိုးတက်လာခဲ့ပါသည်။

Yin Yin 02_Thanpyuzayat

 

“ဝယ်သူတွေဆိုင်ကိုလာပြီး သူတို့လိုချင်တာကိုမေးကြတယ်။ ဒါပေမဲ့ အရင်တုန်းကဆိုရင် ကျွန်မမှာ ကုန်ပစ္စည်းများများကို တင်ရောင်းနိုင်ဖို့ ရင်းနှီးငွေမရှိခဲ့တဲ့အတွက် သူတို့လိုအပ်တာကို မရောင်းပေးနိုင်ခဲ့ဘူး။ အဲဒီတော့ တခြားနေရာကိုပဲသွားဝယ်လိုက်ကြတယ်။” ဟု ယဉ်ယဉ်မှ ပြောပြခဲ့ပါသည်။

မြင့်မြတ်တို့မောင်နှမသည် သူတို့၏ကျောင်းစာတွင် ကြိုးစားရုံသာမက မိခင်ကို အိမ်အလုပ်တွေလည်း ကူညီပေးလေ့ရှိပါသည်။ မြင့်မြတ်သည် မိသားစုအပိုဝင်ငွေအတွက် မွေးမြူထားသောဝက်များကို ဝက်စာကျွေးတာတွေအတွက်ကူညီပေးခြင်း၊ မိခင်အတွက် လိုအပ်သည်များကို သူ့အမေမှ ဝယ်ပေးထားသောစက်ဘီးဖြင့် ဝယ်ပေးခြင်း စသဖြင့်ကူညီပေးလေ့ရှိပါသည်။ အစ်မဖြစ်သူမှာ မိခင်မအားလပ်ချိန် သို့မဟုတ် မရှိသောအချိန်မျိုးတွင် ဆိုင်ကိုဝိုင်းကူရောင်းပေးတာတွေကို လုပ်လေ့ရှိပါသည်။

ကပ်ဘေးရောဂါဖြစ်ပွားလာချိန်မှာတော့ မိခင်ယဉ်ယဉ်သည် ကိုဗစ်-၁၉ ကူးစက်ခြင်းခံခဲ့ရပါသည်။ ဆေးခန်းပြကာ ကုသခြင်းခံယူပြီးနောက် ရက်အနည်းငယ်တွင် ပြန်လည်ကောင်းမွန်လာခဲ့ပါသည်။ ထိုကာလများတွင် ဈေးဆိုင်တွင် ဝယ်ယူသူနည်းပါးခဲ့ပြီး ဝင်ငွေနည်းခဲ့သော်လည်း ယဉ်ယဉ်သည် ဈေးဆိုင်ကို ဆက်လက်ဖွင့်ခဲ့ပါသည်။ ဒါကြောင့် ဝင်ငွေလျော့သွားသော်လည်း ရပ်တန့်သွားခြင်းမရှိခဲ့ပါ။

သူမပြောသည်မှာ “ဒီလိုအခက်အခဲများစွာကြားကနေ ကျွန်မသားနဲ့သမီးကို ကျွေးမွေးစောင့်ရှောက်ရမှာဖြစ်တဲ့အတွက် ကျွန်မ လုပ်ငန်းကိုဆက်လက်လုပ်ကိုင်နိုင်ဖို့ ကြိုးစားခဲ့တယ်။ ကျွန်မကလေးတွေအတွက် ကျွန်မလဲကျသွားလို့မရဘူး” ဟုဆိုပါသည်။

Yin Yin 03_Thanpyuzayat

 

မြင့်မြတ်တို့ သားအမိအနေဖြင့် ဗွီးရှင်းဖန်း(ဒ်)မြန်မာနှင့် လက်တွဲလာသည်မှာ ယခုဆိုလျှင် သုံးနှစ်နီးပါးရှိပြီဖြစ်ပါသည်။ မိခင်သည် တတိယအကြိမ်ချေးငွေကို ရရှိထားပြီး ဗွီးရှင်းဖန်း(ဒ်)မြန်မာမှ ချေးငွေပမာဏ စုစုပေါင်း ၂,၅၀၀,၀၀၀ ကျပ်ကို ရရှိခဲ့ပြီဖြစ်ပါသည်။ ယခုအချိန်တွင် မြင့်မြတ်သည် သန့်ရှင်းသပ်ရပ်သော ကျောင်းဝတ်စုံ၊ လုံလောက်တဲ့ စာရေးကိရိယာနှင့် စက်ဘီးဖြင့် ကျောင်းသွားနိုင်ပြီဖြစ်ပါသည်။ အစ်မဖြစ်သူမှာ တက္ကသိုလ်တက်နိုင်မည့်အချိန်ကိုစောင့်ရင်း ကွန်ပျူတာသင်တန်းကို တက်ရောက်နေပါသည်။ ထို့အပြင် သူတို့သားအမိသည် နေအိမ်ကိုလည်း ပျဉ်ထောင်တစ်ထပ်အိမ်မှ အောက်ထပ်ကို အုပ်ဖြင့် တိုးချဲ့ဆောက်နိုင်ခဲ့ပါသည်။ ထိုအောက်ထပ်တွင် ဈေးဆိုင်ကိုဖွင့်ထားပါသည်။ သူတို့၏မိခင်သည် သဒ္ဓါတရားထက်သန်သူလည်းဖြစ်ပါသည်။ မိမိဝင်ငွေကနေ ပိုမိုခက်ခဲသူများကို တတ်နိုင်သလောက်ကူညီလေ့ရှိပြီး ဘုရားကျောင်းအတွက် နေစဉ် လက်တစ်ဆုပ်စာဆန်ကို လှူဒါန်းလေ့ရှိပါသည်။ 

ထို့အပြင် မြင့်မြတ်ဟာ သူ့မိခင်ကျန်းမာဖို့အတွက်နှင့် သူလိုချင်တာတွေဖြစ်လာဖို့ ဘုရားမှာအမြဲဆုတောင်းပေးလေ့ရှိကြောင်းကိုလည်း ပြောပြခဲ့ပါသည်။

သားလိုအပ်တာတွေကို မေမေဝယ်ပေးတဲ့အတွက် ပျော်တယ်။ ပြီးတော့သူငယ်ချင်းတွေနဲ့ ကစားရတဲ့အတွက်လည်း အရမ်းပျော်တယ်။