မတူညီသောစီးပွားရေးများဖြင့် အကြပ်အတည်းကို ရင်ဆိုင်ကျော်ဖြတ်ခြင်း

အင်္ဂါနေ့, ဖေဖေါ်ဝါရီလ 1, 2022
Myanmar | Client | Daw Ni Ni Nwle
အင်္ဂါနေ့, ဖေဖေါ်ဝါရီလ 1, 2022

လုပ်ငန်းတစ်ခုတည်းကို အားကိုးနေရတာ မဟုတ်တဲ့အတွက် ဝမ်းသာပါတယ်။ ဗွီးရှင်းဖန်း(ဒ်)ရဲ့ ဆက်လက်ပံ့ပိုးကူညီမှုနဲ့အတူ ဝက်မွေးမြူရေးလုပ်ငန်းနဲ့ ဆန်စက်လုပ်ငန်းက ဒီအကြပ်အတည်းကို ဖြတ်ကျော်နိုင်လိမ့်မယ်လို့ ထင်ပါတယ်

ဒေါ်နီနီနွယ်နှင့် သူမ၏ ခင်ပွန်းဖြစ်သူသည် သူမ၏မိသားစုအမွေဖြစ်သော ဆန်စက်လုပ်ငန်းနှင့် အိမ်ထောင်သည်ဘဝကို စတင်ခဲ့ပါသည်။ အစပိုင်းတွင် လုံလောက်သောဝင်ငွေဖြင့် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ခဲ့သော်လည်း သားသမီး ၃ သုံးဦး ထွန်းကားပြီးနောက် ငွေရေးကြေးရေးခက်ခဲလာခဲ့ပါသည်။ အခက်အခဲများကို ပြေလည်စေရန် သူမတို့သည် အတိုးနှုန်းမြင့်မားသော ချေးငွေများကို ရယူခဲ့ကြသည်။

မကြာမီ များသည်ထက် ပိုများလာသော အကြွေးများကြောင့် သူမတို့ ပိုင်ဆိုင်သော ဆန်စက်ကို ရောင်းချပြီး ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်လျက် ကလေးများကို အလုံအလောက် ထောက်ပံ့ပေးနိုင်ရန် ကြိုးစားခဲ့သည်။ ထိုအချိန်တွင် ကလေးများကို ကြည့်ရှုစောင့်ရှောက်ရန် ဒေါ်နီနီ၏ မိဘများထံတွင် အပ်နှံခဲ့ရသည်။ ကလေးများ၏ အဝေးတွင်နေထိုင်ရခြင်းသည် သူမတို့အတွက် ပျော်ရွှင်မှုကို မခံစားရသောကြောင့် မြန်မာနိုင်ငံသို့ ပြန်လာကာ အခြားဝင်ငွေရရှိနိုင်မည့် နည်းလမ်းများကို ရှာဖွေခဲ့ကြသည်။

၂၀၁၉ ခုနှစ်တွင် ဒေါ်နီနီသည် ဗွီးရှင်းဖန်း(ဒ်)မြန်မာ၏ ဝန်ဆောင်မှုများကို ရယူခဲ့ပြီး ပထမဆုံးချေးငွေ ငွေကျပ် ၅ သိန်းဖြင့် လက်ဖက်ရည်ဆိုင်လေးကို စတင်ခဲ့သည်။ နောက်ဆက်တွဲချေးငွေရယူမှုများဖြင့် ဆိုင်ကို ထပ်မံတိုးချဲ့ကာ အအေးနှင့် မုန့်များကိုပါ စတင်ရောင်းချခဲ့သည်။ ဆိုင်၏အခြေအနေမှာ ကောင်းမွန်သောကြောင့် သူမတို့သည် အကြွေးများကိုဆပ်ကာ ဆန်စက်ကိုပြန်လည်ဝယ်ယူပြီး ဆန်စက်လုပ်ငန်းကို ပြန်လည်စတင်ခဲ့သည်။ ဝက်မွေးမြူးရေးကိုလည်း စတင်လုပ်ကိုင်ခဲ့ပြီး ဝေါလ်ဗွီးရှင်းမှပေးသော မွေးမြူရေးသင်တန်းကိုလည်း အကျိုးကျိုးရှိရှိတက်ရောက်နိုင်ခဲ့ပါသည်။

ကိုဗစ်-၁၉ ရောဂါပိုး စတင်ပျံ့နှံ့လာပြီး အစိုးရမှ အသွားအလာကန့်သတ်မှုများရှိလာသောအခါ သူမတို့၏ လက်ဖက်ရည်ဆိုင်မှာ ဝင်ငွေလျော့နည်းလာပြီး လေးလကျော် ပိတ်ထားခဲ့ရသည်။ သို့သော် ဆန်စက်လုပ်ငန်းနှင့် ဝက်မွေးမြူရေးကို ဆက်လက်လုပ်ကိုင်ခဲ့ပြီး အဆုံးအရှုံးများ သက်သာခဲ့သည်။ ထိုလုပ်ငန်းများဖြင့် သူမတို့မိသားစုကို အမှန်တကယ် ဆက်လက်ထောက်ပံ့နိုင်ခဲ့ပြီး ကလေးများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်သောကြောင့် ဒေါ်နီနီနှင့် သူမ၏ခင်ပွန်းသည် စိတ်သက်သာရာရခဲ့ကြသည်။ ကလေးများ၏ အနာဂတ်လှပရေးနှင့် ပညာတတ်များဖြစ်လာစေရန်မှာ သူမတို့၏ ဆန္ဒဖြစ်သည်။

များမကြာမီ ဗွီးရှင်းဖန်း(ဒ်)မြန်မာမှ ငါးကြိမ်မြောက်ချေးငွေကို ရယူပြီး အုတ်အိမ်လေးတစ်လုံး တည်ဆောက်ကာ ကုန်စုံဆိုင်အသစ်လေးဖွင့်လျက် စီးပွားရေးလုပ်ကိုင်ရန် စီစဉ်လျက်ရှိပါသည်။