Effective practices for pest control in farming

စိုက်ပျိုးခင်းများတွင် ပိုးမွှား၊ ရောဂါကျရောက်မှုကို ထိရောက်စွာစစ်ဆေးနည်း

ဆန်စပါး၊ ကောက်ပဲသီးနှံနဲ့ ဟင်းသီးဟင်းရွက်တို့ကို စိုက်ပျိုးရာမှာ ကုန်ကျစရိတ်သက်သာပြီး အထွက်နှုန်းတိုးစေဖို့က တောင်သူကြီးများရဲ့အိပ်မက်တစ်ခုပါ။ အဲဒါကြောင့် ဒီဆောင်းပါးမှာ စပါးခင်းတွေနဲ့ ဟင်းသီးဟင်းရွက်စိုက်ပျိုးခင်းတွေမှာ ပိုးမွှားနဲ့ရောဂါကျရောက်မှုကို ထိရောက်စွာ စစ်ဆေးနိုင်မယ့်နည်းလမ်းကောင်းတွေကို ဖော်ပြပေးထားပါတယ်။

စပါးပင်တွေနဲ့ သီးနှံပင်တွေ ကျန်းမာစွာ ကြီးထွားဖွံ့ဖြိုးသန်စွမ်းဖို့ကို အဓိက အနှောက်ယှက်ပေးနေတာကတော့ ရောဂါနဲ့ပိုးမွှားများ ကျရောက်ခြင်းပဲဖြစ်ပါတယ်။ အဲဒါကြောင့် စပါးပင်တွေနဲ့ သီးနှံပင်တွေမှာ ရောဂါကျရောက်ပြီဆိုရင် ထိရောက်မှုရှိတဲ့နည်းလမ်းတွေကို အသုံးပြုပြီး ရောဂါရှာဖွေစစ်ဆေးကာ ဖြေရှင်းနိုင်မယ့်နည်းလမ်းကို ရှာဖွေဖို့လိုအပ်ပါတယ်။ သို့မှသာ စပါးခင်းတစ်ခုလုံး၊ သီးနှံစိုက်ခင်းတစ်ခုလုံးကို ရောဂါကူးစက်ပျံ့ပွားမှုကနေ ရပ်တန့်နိုင်မှာဖြစ်ပါတယ်။

၁။ စောင့်ကြည့်ပြီး မှတ်တမ်းတင်တဲ့အလေ့အကျင့်ကို ပြုမူပါ။ 

သီးနှံခင်းရဲ့ အတွင်းနဲ့ဘေးပတ်ဝန်းကျင်တွေရဲ့ ပြောင်းလဲတိုးတက်မှုဖြစ်စဉ်များ၊ ယခင်စိုက်ပျိုးခဲ့တဲ့ သီးနှံစိုက်ပျိုးမှုပုံစံနဲ့ သီးနှံမစိုက်ပျိုးဘဲထားရှိတဲ့ အခြေအနေများကို အမြဲစောင့်ကြည့်ပြီး မှတ်တမ်းတင်ထားပါ။ ဒီလိုလုပ်ဆောင်ခြင်းက သီးနှံပင်များမှာ ပြဿနာတစ်စုံတစ်ခု ဖြစ်နေပြီဆိုရင် အမြန်ဆုံး ကြိုတင်သိနိုင်မှာဖြစ်ပါတယ်။ 

၂။ အချက်အလက်များ စုဆောင်းထားရှိပါ။

သီးနှံပင်နဲ့ သီးနှံပင် အနီးတစ်ဝိုက်မှာ အသုံးပြုထားတဲ့ ပေါင်းသတ်ဆေး၊ မြေသြဇာ၊ မှိုသတ်ဆေး၊ ပိုးသတ်ဆေး အစရှိတဲ့ အရာများရဲ့အချက်အလက်တွေကိုလည်း စုဆောင်းထားပါ။ ဆေးဖြန်းစဉ် ဖြစ်ပေါ်နေတဲ့ ရာသီဥတုအခြေအနေများကိုလည်း သိရှိပြီး အချက်အလက်တွေစုဆောင်းထားဖို့ လိုအပ်ပါတယ်။

၃။ ရောဂါပိုးမွှားများကို သီးနှံပင်ကြီးထွားမှုပုံစံအလိုက်ရှာဖွေပါ။

စပါးပင်များ စိုက်ပျိုးပြီး ၁၅ ရက်မှ ၂၀ ရက်အတွင်း ပင်စည်ထိုးပိုး၊ ဆစ်ပိုးများကို ရှာဖွေပါ။ ဖရုံ၊ သခွါးမျိုးများကို စိုက်ပျိုးပြီး ၅ ရက်မှ ၇ ရက်နောက်ပိုင်း ယင်ဖြူပိုးများကို ရှာဖွေပါ။ ဒီလိုလုပ်ခြင်းက သီးနှံခင်းတစ်ခုလုံး ပိုးမွှားကျရောက်မှု အန္တရာယ်ကို ရပ်တန့်နိုင်မယ့်အရေးကြီးဆုံးအချိန်ပါ။ တောင်သူကြီးများအတွက် အကျိုးဖြစ်ထွန်းစေမယ့် အခြားစိုက်ပျိုးရေး အလေ့အကျင့်ကောင်းများကို ဒီနေရာမှာ လေ့လာဖတ်ရှုနိုင်ပါတယ်။