Sustainable Development through Gender Equality

ကျား၊မ တန်းတူညီမျှမှုမှတစ်ဆင့် ရေရှည်ဖွံ့ဖြိုးတိုးတက်သောလုပ်ငန်းများဆီသို့

လုပ်ငန်းများလည်ပတ်ဆောင်ရွက်ရာတွင် ကျား၊မ တန်းတူညီမျှမှုကို ဆောင်ကျဉ်းခြင်းက မည်သည့်စီးပွားရေးလုပ်ငန်းများအတွက်မဆို ရေရှည်မှာဖွံ့ဖြိုးတိုးတက်မှုတွေ ရရှိစေပါတယ်။

စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကျား၊မ တန်းတူညီမျှမှုရှိကာ အားလုံးပါဝင်နိုင်တဲ့ လုပ်ငန်းတစ်ခုအဖြစ် ဖန်တီးဆောင်ရွက်နိုင်မယ့် နည်းလမ်းကောင်းတွေကို WeEmpowerAsia (WEA) အစီအစဉ်က ဖော်ပြထားပါတယ်။ အဲဒီအထဲက နည်းလမ်းကောင်းအချို့ကို ပြန်လည်ဝေမျှပေးချင်ပါတယ်။

၁။ ဦးဆောင်မှုအဖွဲ့တွင် ကျား၊မ စုံညီစွာပါဝင်စေခြင်း

လုပ်ငန်းကို ဦးဆောင်ဦးရွက်ပြုနေတဲ့အဖွဲ့မှာ အမျိုးသားဦးဆောင်သူများရှိသလို အမျိုးသမီးဦးဆောင်သူများလည်းရှိခြင်းက လုပ်ငန်းကိုပိုမိုအောင်မြင်မှု ရရှိစေပါတယ်။ ဒါ့အပြင် လေ့လာမှုများအရ ကျား၊မ စုံညီစွာပါဝင်တဲ့ ဦးဆောင်သူများအဖွဲ့ဟာ လုပ်ငန်းရဲ့ငွေကြေးလည်ပတ်မှုမှာ ပိုမိုတိုးတက်မှုတွေရှိတယ်လို့ ဆိုပါတယ်။

၂။ အဖွဲ့တိုင်းတွင် ကျား၊မ အဖွဲ့ဝင်များ စုံညီစွာပါရှိစေခြင်း

လုပ်ငန်းများတွင် အမျိုးသမီးများကို ခန့်အပ်ထားခြင်းဖြင့် လုပ်ငန်းရဲ့ဝန်ဆောင်မှု (သို့မဟုတ်) ထုတ်ကုန်ကို ဝယ်ယူသုံးစွဲနေတဲ့ အမျိုးသမီးသုံးစွဲသူများရဲ့ လိုအပ်ချက်များကို ကောင်းစွာသိရှိနိုင်ပြီး တီထွင်ဖန်တီးမှုအားကောင်းပြီး ထိရောက်မှုရှိတဲ့ဝန်ဆောင်မှုများကို ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် အမျိုးသမီးများကို ခန့်အပ်ထားခြင်းက သူတို့ရဲ့အသက်မွေးဝမ်းကျောင်းဆိုင်ရာကဏ္ဍကို တစ်ဖက်တစ်လမ်းက တိုးမြှင့်ရာရောက်ပါတယ်။

၃။ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်စော်ကားမှု ကင်းစင်တဲ့လုပ်ငန်းခွင်ကို ဖန်တီးခြင်း

စီးပွားရေးလုပ်ငန်းများနဲ့ အဖွဲ့အစည်းတွေဟာ မိမိတို့ရဲ့ လုပ်ငန်းခွင်ကို လိင်ပိုင်းဆိုင်ရာ စော်ကားနှောက်ယှက်မှုကင်းတဲ့ နေရာအဖြစ် ဖန်တီးရပါမယ်။ အဲဒါမှ ဝန်ထမ်းများအနေနဲ့ ရုပ်ပိုင်းဆိုင်ရာ/စိတ်ပိုင်းဆိုင်ရာ ကျန်းမာမှုကိုဖြစ်စေပြီး ဘေးကင်းလုံခြုံမှုကိုခံစားရကာ အလုပ်ထဲမှာပိုမိုပြီး အာရုံစိုက်နိုင်ပြီး အလုပ်လုပ်နိုင်စွမ်းများ တိုးတက်လာမှာဖြစ်ပါတယ်။ သို့မှသာ အဖွဲ့အစည်းနဲ့လုပ်ငန်းအတွက်လဲ အကျိုးအမြတ်နဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုဖြစ်ထွန်းစေပါလိမ့်မယ်။  ကျား၊မ တန်းတူညီမျှမှုရှိတဲ့ လုပ်ငန်းခွင်တွေဟာ ဝန်ထမ်းများအတွက် ဘေးကင်းလုံခြုံမှုပိုမိုရှိစေပြီး လိင်ပိုင်းဆိုင်ရာ နှောက်ယှက်စော်ကားမှု မရှိသလောက်ကင်းစင်ပါတယ်။

၄။ လုပ်ငန်းခွင်ဝင်နေတဲ့မိခင်များအတွက် အထောက်အကူဖြစ်စေတဲ့ လုပ်ငန်းခွင်များဖန်တီးပေးခြင်း

လုပ်ငန်းခွင်ဝင်နေရတဲ့မိခင်များအနေဖြင့် အလုပ်တာဝန်တွေကို ထမ်းဆောင်နေစဉ်မှာ သူတို့မိသားစုရဲ့ တာဝန်ဝတ္တရားတွေကိုလည်း အထောက်အပံ့ဖြစ်စေတဲ့ လုပ်ငန်းခွင်စံနှုန်းတွေကို ချမှတ်ဖို့လိုအပ်ပါတယ်။ အလုပ်တာဝန်များကြောင့် သူတို့ရဲ့ကလေးနဲ့မိသားစုကို မပြုစု၊ မစောင့်ရှောက်နိုင်ခြင်းအဖြစ်ကို မရောက်ရှိအောင် လုပ်ငန်းရှင်များအနေဖြင့် ပံ့ပိုးကူညီရန်လိုအပ်ပါတယ်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် လုပ်ငန်းဆောင်ရွက်မှုအပိုင်းတွင် ကောင်းမွန်တဲ့ရလဒ်များကို ရရှိစေမှာဖြစ်ပါတယ်။

၅။ သာတူညီမျှမှုရှိတဲ့ လုပ်ခလစာပေးခြင်းစနစ်ကို အကောင်ထည်ဖော်ခြင်း

အမျိုးသားနဲ့အမျိုးသမီးဝန်ထမ်းများအတွက် သာတူညီမျှမှုရှိတဲ့ လုပ်ခလစာပေးခြင်းစနစ်ကို အကောင်ထည်ဖော်ခြင်း၊ ထူးချွန်ထက်မြတ်တဲ့ အမျိုးသမီးဝန်ထမ်းတွေကို မြေတောင်မြှောက်ပေးခြင်း၊ လုပ်ငန်းခွင်မှာ အမျိုးသမီးများကို စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းတို့က မိမိလုပ်ငန်းရဲ့ဂုဏ်သတင်းကို ကျော်စောစေပါတယ်။ ဒါ့အပြင် လူမှုအသိုင်းအဝိုင်းအတွက် ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုတွေ ပေးစွမ်းနိုင်တဲ့လုပ်ငန်းတစ်ခုလည်း ဖြစ်စေပါတယ်။

ဤဆောင်းပါတွင်ဖော်ပြထားသောအကြောင်းအရာများမှာ We Rise Toolkit for Entrepreneurs ကို ကိုးကား၍ ဖော်ပြထားခြင်းဖြစ်သည်။