Tips on secure financial transfers via mobile agents

မိုဘိုင်းလ်အေးဂျင့်ဆိုင်များတွင် ငွေလွှဲ/ငွေထုတ်ပြုလုပ်ရာတွင် သတိထားရမည့်အချက်များ

အကယ်၍ သင့်မှာ မိုဘိုင်းလ်ဝေါလက်အကောင့်မရှိဘူးဆိုရင်လည်း စိတ်မပူပါနဲ့။ ဘဏ်ဖွင့်ချိန်ကို စောင့်ဆိုင်းနေစရာမလိုဘဲ ဖုန်းတစ်လုံးရှိရုံနဲ့ ငွေလွှဲ/ငွေထုတ်ဝန်ဆောင်မှုတွေကို နီးစပ်ရာမိုဘိုင်းလ်အေးဂျင့်ဆိုင်တွေမှာ အချိန်တိုအတွင်း မြန်မြန်ဆန်ဆန်နဲ့ အလွယ်တကူပြုလုပ်နိုင်ပါပြီ။ မိုဘိုင်းငွေကြးဝန်ဆောင်မှုမှတစ်ဆင့် ငွေလွှဲ/ငွေထုတ် ပြုလုပ်နိုင်ရုံတင်မက ချေးငွေပေးချေခြင်း၊ လျှပ်စစ်မီတာခဆောင်ခြင်းနဲ့ အခြားဝန်ဆောင်ခများပေးဆောင်ခြင်း၊ ဖုန်းငွေဖြည့်ခြင်း၊ အာမခံကြေးနှင့် ပညာရေးနဲ့ဆိုင်တဲ့ငွေပေးချေမှု တို့ကိုပြုလုပ်နိုင်ပါတယ်။ ထို့ကြောင့် မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှုက ကျွန်ုပ်တို့ရဲ့ နေ့စဉ်ဘဝအတွက် အသုံးဝင်တဲ့ဝန်ဆောင်မှုတစ်ခုဖြစ်ပါတယ်။ ဒီဝန်ဆောင်မှုတွေကို အသုံးပြုတဲ့အခါမှာလည်း လုံခြုံစိတ်ချမှုရှိစေဖို့အတွက် အောက်ဖော်ပြပါအချက်တွေကို  သတိပြုမိဖို့လိုအပ်ပါတယ်။

  • ငွေလွှဲပြုလုပ်တဲ့အခါ မိမိငွေလွှဲလိုသူရဲ့ ဖုန်းနံပါတ်နဲ့ လွှဲမယ့်ငွေပမာဏကို အေးဂျင့်ထံသို့ မှန်ကန်တိကျစွာ ပြောဖို့လိုအပ်ပါတယ်။ 
  • မိုဘိုင်းအေးဂျင့်ဆိုင်တွေကနေတစ်ဆင့် ငွေလွှဲ/ငွေထုတ်ပြုလုပ်တဲ့အခါမှာ အသုံးပြုရတဲ့လျှို့ဝှက်နံပါတ်ကို မိမိနဲ့ ငွေလွှဲ/ငွေထုတ် ပြုလုပ်လက်ခံမယ့်သူကလွဲပြီး အခြားမည်သူ့ကိုမှ အသိမပေးပါနဲ့။
  • ထိုလျှို့ဝှက်နံပါတ်ကို ငွေလွှဲ/ငွေထုတ်ပြုလုပ်လက်ခံမယ့်သူဆီသို့ ဖုန်းကနေတစ်ဆင့် ပြောပြရာမှာလည်း အခြာသူများကြားအောင် မပြောမိစေဖို့သတိထားပါ။ အခြားသူတစ်ယောက်က အဲဒီလျှို့ဝှက်နံပါတ်ကို ကြားသိသွားပြီး အဲဒီနံပါတ်နဲ့ သင့်ငွေတွေကို အလွယ်တကူ ထုတ်ယူသွားနိုင်ပါတယ်။
  • ငွေလွှဲမယ့်သူကလည်း လျှို့ဝှက်နံပါတ်ကို အမြဲတမ်းကိုယ်တိုင်ရိုက်ထည့်ပြီး ငွေလွှဲလက်ခံမယ့်သူကလွဲပြီး ဘယ်သူ့ကိုမှ အသိပေးတာမျိုးမလုပ်ပါနဲ့။
  • မသမာသူတွေက သင့်ဆီကိုဖုန်းဆက်ပြီး အကြောင်းအမျိုးမျိုးပြကာ (ဥပမာ - ကံစမ်းမဲပေါက်သည်ဟု သော်လည်းကောင်း၊ သင့်မိတ်ဆွေအယောင်ဆောင်၍ သော်လည်းကောင်း) မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှုမှတစ်ဆင့် ငွေလွှဲခိုင်းခြင်းမျိုးတွေ ပြုလုပ်နိုင်ပါတယ်။ ထို့ကြောင့် မိမိမသိတဲ့သူတစ်ယောက်က ကိုယ့်ဆီကိုဖုန်းဆက်ပြီး ငွေလွှဲခိုင်းလျှင် မှန်ကန်မှုရှိ၊ မရှိ အမြဲစစ်ဆေးပါ။

တချို့သောသူများဟာ ခက်ခဲတဲ့အချိန်ကာလတွေကို အခွင့်ကောင်းယူပြီး ငွေကြေးလိမ်လည်မှုမျိုးစုံကို ပြုလုပ်နေကြပါတယ်။ အဲဒီလိုမျိုး ငွေကြေးလိမ်လည်မှုတွေကို ကြိုတင်ကာကွယ်နိုင်ဖို့အတွက် အခုပေးထားတဲ့လင့်ခ်က ဗီဒီယိုလေးကို ကြည့်ပြီးလေ့လာလိုက်ပါ။ ဒီဆောင်းပါးကို သင့်ရဲ့ မိသားစုနဲ့ မိတ်ဆွေသူငယ်ချင်းတွေကိုလည်း ဝေမျှပေးဖို့ မမေ့နဲ့နော်။