Enhancing crop quality

စိုက်ပျိုးသီးနှံများကို အရည်အသွေးပြည့်မီအောင် ပြင်ဆင်နည်း

ဒီတစ်ခါမှာတော့ ဟင်းသီးဟင်းရွက်နဲ့သစ်သီးဝလံ စိုက်ပျိုးတဲ့တောင်သူကြီးတွေအတွက် ဈေးကွက်ရရှိပြီး ဝင်ငွေပိုမိုရရှိနိုင်မယ့် နည်းလမ်းကောင်းတွေကို ဝေမျှပေးပါမယ်။

ဟင်းသီးဟင်းရွက်နဲ့သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ်မှုမှာ မရိတ်သိမ်းမီနဲ့ ရိတ်သိမ်းပြီး လုပ်ငန်းစဉ်တွေကို ကောင်းစွာစီမံခန့်ခွဲ လုပ်ဆောင်မယ်ဆိုရင် အာဟာရပြည့်ဝပြီး အရည်အသွေးကောင်းတဲ့ ဟင်းသီးဟင်းရွက်တွေကို ရရှိမှာဖြစ်လို့ တောင်သူကြီးတွေက ပုံမှန်စျေးနှုန်းထက် ၃၀% ပိုရနိုင်ပါတယ်။

 

မရိတ်သိမ်းမီ

အစားအစာလုံခြုံစိတ်ချရမှုရှိစေဖို့ ဆေးမဖြန်းခင် ဆေးဘူးပေါ်မှာ ဖော်ပြထားတဲ့အညွှန်းကို သေချာဖတ်ရှုပါ။ သတ်မှတ်ထားတဲ့ ကာလကျော်နေပြီဆိုပါက ဆေးဖြန်းခြင်းမပြုပါနဲ့။ ဒါ့အပြင် ရောဂါပိုးမွှားတွေကို စစ်ကြည့်ပြီး အရွက်ဟောင်းတွေကို ညှပ်ထုတ်ပစ်ဖို့လိုပါတယ်။

ရိတ်သိမ်းခြင်း

ဟင်းသီးဟင်းရွက်တွေကို ရိတ်သိမ်းရာမှာ နည်းစနစ်မှန်ကန်စွာရိတ်သိမ်းဖို့ လိုအပ်ပါတယ်။ ဟင်းသီးဟင်းရွက်တွေကို အေးတဲ့အချိန်ဖြစ်တဲ့ မနက်ပိုင်း၊ ညနေပိုင်းနဲ့ မိုးမရွာတဲ့အချိန်နဲ့ နေမပူတဲ့အချိန်တွေမှာ ခူးဆွတ်သင့်ပါတယ်။ ခူးဆွတ်ထားတဲ့ ဟင်းသီးဟင်းရွက်တွေကို အရိပ်ရသောနေရာတွင်သာထားပါ။ အသီးစားသီးနှံတွေကိုခူးဆွတ်တဲ့အခါ အပင်ကိုင်း (သို့) ပင်စည်မှ ၁ ကနေ ၃ စင်တီမီတာခွါပြီး ခူးဆွတ်ပါ။

အမျိုးအစားခွဲခြားခြင်းနဲ့ ရွေးချယ်ခြင်း

ခူးဆွတ်ပြီးနောက် အသီးအရွက်တွေကို သန့်စင်ဖို့နဲ့ အမျိုးအစားရွေးပြီး ခွဲထားဖို့လိုအပ်ပါတယ်။ ကြွက်နဲ့ အင်းဆက်ကိုက်ထားတဲ့ အသီးအရွက်တွေကို ဖယ်ပစ်ပါ။ မှည့်တဲ့အသီးနဲ့ မမှည့်သေးတဲ့ အသီးတွေကို ခွဲခြားထားပါ။ အရွက်စားသီးနှံဆိုရင် မကောင်းတဲ့အရွက်တွေကို ညှပ်ထုတ်ပစ်ပါ။ ဟင်းသီးဟင်းရွက်တွေကို မြေပေါ်မှာ ထားထားတယ်ဆိုရင် အဝတ်ဆိုနဲ့ ညင်သာစွာ ပွတ်ပေးပါ။ ထုရိုက်တာတွေ ခြစ်တာတွေကို ရှောင်ပေးပါ။ ဟင်းသီးဟင်းရွက်တွေရဲ့ အရည်အသွေးပေါ်မူတည်ပြီး အမျိုးအစားအနည်းဆုံး ၃ မျိုးခွဲပြီး ထားဖို့လိုပါတယ်။

ထုတ်ပိုးခြင်းနဲ့ အရည်အသွေးစစ်ဆေးခြင်း

ဈေးကွက်ထဲကိုပို့ဖို့ ဟင်းသီးဟင်းရွက်တွေကို ထုတ်ပိုးတဲ့အခါ စနစ်တကျနဲ့ သန့်ရှင်းစွာ ထုတ်ပိုးဖို့လိုပါတယ်။ အရောင်တူတာ၊ မှည့်တာ၊ အမျိုးအစားတူတာ အစရှိသဖြင့် တူရာအလိုက် ခွဲခြားထားပြီး ထုတ်ပိုးပါ။ ဟင်းသီးဟင်းရွက်တွေရဲ့ အရည်အသွေးကို မထိခိုက်အောင် ထုတ်ပိုးတဲ့အခါ မဖိရပါဘူး။ သတင်းစာအဟောင်း (ဒါမှမဟုတ်) ငှက်ပျောရွက်တို့ကို အောက်ခံထားပြီး ထုတ်ပိုးပါ။ ထုတ်ပိုးတဲ့အခါ သယ်ရလွယ်ကူအောင် ၁၀ ကီလိုဂရမ်အောက်သာ ထုတ်ပိုးပါ။

သိုလှောင်ခြင်းနဲ့ သယ်ယူပို့ဆောင်ခြင်း

ဟင်းသီးဟင်းရွက်တွေကို အအေးဓာတ်ရှိတဲ့ နေရာတွေမှာ သိုလှောင်ပါ။ ရေနဲ့ ထိတာကို ရှောင်ကြဉ်ပါ။ ခြောက်သွေ့တဲ့နေရာမှာ အသီးအရွက်တွေကို ဖြန့်ထားပြီး အဝတ်၊ ဖျာအစရှိသည်တို့နဲ့ အုပ်ထားပါ။ ဟင်းသီးဟင်းရွက်ခြင်းတွေကို သယ်ယူပို့ဆောင်တဲ့အခါ တစ်ခုနဲ့တစ်ခု ထပ်ထားပြီး မသယ်ပါနဲ့။ ဟင်းသီးဟင်းရွက်တွေအပေါ်မှာ လူထိုင်ခြင်းမျိုးမပြုလုပ်ပါနဲ့။

သီးနှံများပိုမိုအထွက်တိုးပြီး ဝင်ငွေများပိုမိုရရှိကြပါစေလို့ တောင်သူကြီးများအတွက် ဆုတောင်းပေးလိုက်ပါတယ်။