ခက်ခဲသောကာလများတွင် လုပ်ငန်းရှင်သန်လည်ပတ်နိုင်စေရန် အကြံပြုချက်များ - အပိုင်း ၂

တနင်္လာနေ့, ဇန်နဝါရီလ 3, 2022
Top tips for business survival during the hard times Part 2
တနင်္လာနေ့, ဇန်နဝါရီလ 3, 2022

အပိုင်း ၁ တွင် ဖော်ပြထားသော ပထမအချက် ၅ ချက်ကို လေ့လာခဲ့ပြီးနောက် ခက်ခဲသောအချိန်တွင် မိမိ၏စီးပွားရေးလုပ်ငန်းများကို မည်သို့ရှင်သန်လည်ပတ်နိုင်ရန် နောက်ထပ်အချက်များကို ဖော်ပြပေးလိုက်ပါသည်။

၁။ မိမိလုပ်ငန်း၏ ဈေးကွက်ပြန်လည်ရှင်သန်နိုင်ရန်အတွက် လှုပ်ရှားရန် 

စီးပွားရေးကျပ်တည်းနေသောကာလများတွင် မိမိ၏ဝယ်ယူသူများသည် မိမိထံသို့ဝယ်ယူရန် မလာလင့်ကစား မိမိအနေဖြင့် ဝယ်ယူသူများနှင့် အဆက်အသွယ်မပြတ်စေရန် ကြိုးစားကြည့်ရပါမည်။ သတင်းစကားမေးမြန်းခြင်း၊ ဆိုရှယ်မီဒီယာပေါ်တွင်လည်း ပုံမှန်ပို့စ်တင်ခြင်း၊ ကြော်ငြာခြင်းများကိုလည်း အစဥ်မပြတ် ပြုလုပ်နေပါမည်။ ဤနည်းအားဖြင့် မိမိ၏လုပ်ငန်း ဆက်လက်လည်ပတ်နေသေးကြောင်း မိမိ၏ဝယ်ယူသူများကို သိစေပါ။

၂။ များပြားလှသော သတင်းအချက်အလက်များကို ကောင်းမွန်စွာကိုင်တွယ်ရန် 

သတင်းအချက်အလက် အများအပြားကို ရုတ်တရက် ကြားသိရသောအခါများတွင် အထိတ်တလန့်ဖြင့် အလျင်စလိုဆုံးဖြတ်ခြင်း မပြုပါနှင့်။ အကြောင်းအရာများကို ကျိုးကြောင်းလျော်ညီစွာ အချိန်ယူစဉ်းစားဆင်ခြင် ပြီးမှသာ မှန်ကန်သောဆုံးဖြတ်ချက်များကိုချပါ။

၃။ အပြောင်းအလဲများကိုလိုက်၍ပြုပြင်လုပ်ဆောင်ရန်

အချိန်နှင့်အမျှ အခြေအနေများ ပြောင်းလဲနေသော ဤကာလတွင် မိမိနှင့်မိမိလုပ်ငန်း ပတ်ဝန်းကျင်ရှိ အပြောင်းအလဲများကို အထူး ဂရုပြုပါ။ သို့မှသာ အနာဂတ်တွင်ဖြစ်လာမည့် ပြောင်းလဲမှုကို အမီလိုက်နိုင်ရန် လက်တွေ့ ကျသော ရေရှည်နည်းလမ်းကောင်းများကို ဖန်တီးနိုင်ပါလိမ့်မည်။ တက်ကြွစွာ တွေးဆလုပ်ဆောင်ပြီး အနာဂတ်အတွက် ကြိုတင်စီစဉ်ပါ။  

၄။ အပြုသဘောဆောင်သော အတွေးအမြင်များထားရှိရန် 

ယခုကာလတွင် ကောင်းမွန်မှန်ကန်သောအတွေးနှင့် ခိုင်မာသောဆုံးဖြတ်ချက်များချနိုင်ရန်အတွက် အပြုသဘောဆောင်သောအတွေးများ ထားရှိရန်လည်းလိုအပ်ပါသည်။ စိတ်ကိုတည်ငြိမ်စွာထားပြီး အပြုသဘောဆောင်စွာ ပြောဆိုဆက်ဆံလုပ်ကိုင်ရန် အထူးအရေးကြီးပါသည်။ မိမိ၏ ဝယ်ယူသူဖောက်သည်များ၊ စီးပွားဖက်များနှင့် ပြောဆိုဆက်ဆံရာတွင် စဥ်းစားချင့်ချိန်ကာ ပြုမူလုပ်ဆောင်ပါ။ 

၅။ စတင်လှုပ်ရှားရန် 

အရေးအကြီးဆုံးအချက်မှာ မည်သည့်အခက်အခဲ၊ အကျပ်အတည်းမျိုးတွင်မဆို လုပ်ငန်းအားရပ်တန့်မထားပဲ လုပ်သင့်လုပ်ထိုက်သည်များကို ဖြည်းဖြည်းနှင့်မှန်မှန်ဆက်၍ လုပ်ဆောင်သွားရန် အထူးလိုအပ်ပါသည်။ ထိုသို့ လုပ်ဆောင်သွားမည်ဆိုပါက မိမိလုပ်ငန်းသည် မည်သည့်အခြေအနေမျိုးတွင်မဆို ဆက်လက်ရှင်သန်ရပ်တည်နိူင်သွားပါလိမ့်မည်။  

ယခုဖော်ပြလိုက်သောနည်းလမ်းများသည် မည်သည့်အခြေအနေမျိုးတွင်မဆို စီးပွားရေးလုပ်ငန်းများကို ဆက်လက်ရပ်တည်နိုင်စေရန် အကူအညီပေးနိုင်ပါလိမ့်မည်။ 

လုပ်ငန်းရှင်များအားလုံးလည်း လက်ရှိရင်ဆိုင်ကြုံတွေ့နေရသောအခက်အခဲများကို အောင်မြင်စွာ ကျော်လွှားဖြေရှင်းနိုင်စေရန်လည်း ဗွီးရှင်းဖန်း(ဒ်)မြန်မာမှ ဆန္ဒပြုဆုမွန်ကောင်း ပို့သအပ်ပါသည်။

 

References

  • Dr. Jenny Lao’s training content of “Entrepreneurial Surviving Amidst and Conquering Aftermath”
  • "Small Business Success" magazine, Volume 4, produced by Pacific Bell Directory in partnership with the U.S. Small Business Administration and the Partners for Small Business Excellence.