ခက်ခဲသောကာလများတွင် လုပ်ငန်းရှင်သန်လည်ပတ်နိုင်စေရန် အကြံပြုချက်များ - အပိုင်း ၁

တနင်္လာနေ့, ဇန်နဝါရီလ 3, 2022
Fragile context Myanmar
တနင်္လာနေ့, ဇန်နဝါရီလ 3, 2022

ယခုကဲ့သို့သော စီးပွားရေးကျဆင်းသည့်ကာလများအတွင်းတွင် လုပ်ငန်းကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ စီးပွားရေးလုပ်ငန်းများအားလုံးသည် ထိုအကျိုးဆက်များကို ခံရနိုင်ပါသည်။ သို့သော် အပြောင်းအလဲများနှင့် လက်ရှိကြုံတွေ့နေရသည့်အခြေအနေများကို အမြဲလေ့လာနားစွင့်နေသော လုပ်ငန်းများသည် သာမန်လုပ်ငန်းများထက် အခွင့်အလမ်းများကို ပိုမိုတွေ့ရတတ်လေ့ရှိပါသည်။   

ခက်ခဲသောအချိန်များတွင် ရှင်သန်အောင်မြင်လိုသော စွန့်ဦးတီထွင်လုပ်ငန်းရှင်များသည် လက်ရှိအချိန်ကို ကျော်လွန်၍ရှုမြင်နိုင်စွမ်း၊ အစဉ်အလာကန့်သတ်ချက်များကို ကျော်လွှားနိုင်စွမ်း၊ ရှုထောင့်အသစ်မှလုပ်ငန်းကို မြင်နိုင်စွမ်းနှင့် ပုံစံမတူကွဲပြားခြားနားသောလုပ်ငန်းကိုလုပ်နိုင်စွမ်း စသည့်အရည်အချင်းများ လိုအပ်ပါသည်။ 

ထိုသို့သော အရည်အချင်းများကိုရရှိနိုင်စေရန် အထောက်အကူပြုစေနိုင်မည့် အကြံပြုချက်များကို အောက်တွင် ဖော်ပြပေးလိုက်ပါသည်။

၁။ မိမိလုပ်ငန်း၏ လက်ရှိအခြေအနေကို မှန်ကန်စွာသုံးသပ်ရန်  

ယခုကဲ့သို့ စီးပွားရေးခက်ခဲသောကာလများတွင် လုပ်ငန်းတိုင်းလိုလိုအနည်းနှင့်အများ ထိခိုက်ကြသည့်အတွက်ကြောင့် စိတ်ပူပန်အားလျော့နေမည့်အစား မိမိလုပ်ငန်းတွင် မည်သည့်အရာများက တကယ်ခက်ခဲနေသလဲဆိုသည်ကို စိတ်အေးအေးထားကာ သေချာစွာစဥ်းစားစေလိုပါသည်။ ထိုအခက်အခဲများကို မည်သို့ဖြေရှင်းနိုင်မည်ကိုလည်း နည်းလမ်းများရှာဖွေကာ လုပ်ဆောင်ရပါမည်။

၂။ မိမိလုပ်ငန်း၏ ငွေကြေးလည်ပတ်မှုအခြေအနေကိုနားလည်ပြီး အဖြေရှာရန် 

လုပ်ငန်း၏အသက်သွေးကြောဖြစ်သော ဝင်ငွေထွက်ငွေ (သို့) ငွေကြေးလည်ပတ်စီးဆင်းမှုကိုလည်း အထူးဂရုစိုက်ကာ အမြဲစိစစ်နေရပါမည်။ ထို့အပြင် ဝင်ငွေလမ်းကြောင်းကို တစ်ခုတည်းမထားပဲ တတ်နိူင်သရွေ့ အခြားသောဝင်ငွေရနိူင်မည့်လမ်းကြောင်းကို စဥ်းစားရှာဖွေကာလုပ်ဆောင်ရပါမည်။ ဥပမာအားဖြင့် အွန်လိုင်းမှ စျေးရောင်းချခြင်း၊ မိမိဆိုင်ခန်းအား အနည်းငယ်ကန့်၍ အခြားသူအား ငှားရမ်းခြင်း၊ အစရှိသည်တို့ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဝင်ငွေစီးဆင်းမှုမရှိတော့လျှင် သင်၏လုပ်ငန်းသည်လည်း ရပ်တန့်သွားပေလိမ့်မည်။ 

၃။ အထွေထွေကုန်ကျစရိတ်လျှော့ချရန် 

မလိုအပ်သော အထွေထွေကုန်ကျစရိတ်များကို လျှော့ချခြင်းအားဖြင့်လည်း လုပ်ငန်း၏ ငွေကြေးလည်ပတ် စီးဆင်းမှုကောင်းစေရန် ပံ့ပိုးကူညီနိုင်ပါသည်။ ထို့ကြောင့် မိမိလုပ်ငန်း၏ အသေးသုံးစရိတ်များကို အထူးဂရုစိုက်ပါ။ (ဥပမာ- မလိုအပ်သည့်နေရာများတွင် မီးမဖွင့်ခြင်း၊ လုပ်ငန်းအတွက်လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများကို တစ်ခါတည်းဝယ်ခြင်းတို့ဖြင့် စရိတ်ကို လျော့ချခြင်း)

၄။ အနာဂတ်အတွက် ကြိုတင်စုဆောင်းထားရန် 

ငွေစုတတ်ခြင်းသည် ယခင်ကာလနှစ်ပိုင်းများတွင် များစွာ တွင်ကျယ်မှုများရှိခဲ့သော်လည်း ယခုနောက်ပိုင်းတွင် မိမိတို့ မြန်မာနိုင်ငံ၌ ထိုအလေ့အကျင့်သည် ပျောက်ပျက်လာခဲ့ပြီး ဝင်ငွေထက် ထွက်ငွေ(အသုံးစရိတ်) သာ ပိုမိုများလာသည်ကို တွေ့မြင်ရပါလိမ့်မည်။ ယခုကဲ့သို့သော ခက်ခဲသည့်ကာလများတွင် ငွေစုဆောင်းထားသောသူများသည် အတိုင်းအတာတစ်ခုထိ အဆင်ပြေနေခဲ့ကြသည်ကို တွေ့မြင်နိုင်ပြီး ငွေမစုထားသောသူများသည် ပို၍ဒုက္ခရောက်ကြသည်ကို တွေ့မြင်နိုင်ပါသည်။ သို့ဖြစ်၍ ငွေစုခြင်းအလေ့အထကို ပြန်လည်ကျင့်သုံးရန် လိုအပ်ပါသည်။ သို့မှသာ မိမိတို့၏ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးကဏ္ အသီးသီးတို့တွင် ငွေကြေးများဖူလုံလာနိုင်မည်ဖြစ်ပါသည်။

၅။ အွန်လိုင်းငွေကြေးဆိုင်ရာအသိပညာများ သိုမှီးထားရန်

ယနေ့မျက်မှောက်ကာလတွင် လူတိုင်းလိုလို မိုဘိုင်းဖုန်းစနစ်ဖြင့် လုပ်ငန်းများအား ဆက်သွယ်ချိတ်ဆက်လုပ်ဆောင်လာနိုင်ကြပြီဖြစ်သည်။ အင်တာနက်ကိုအသုံးပြု၍ ငွေကြေးဝန်ဆောင်မှုများ ဖန်တီးလာနိုင်ကြသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် လုပ်ငန်းရှင်များအနေဖြင့်လည်း ‌ခေတ်နှင့်အညီ နည်းပညာများအပေါ်တွင် စူးစမ်းလေ့လာသင်ယူမှထားသာ မိမိ၏လုပ်ငန်းများကို ပိုမိုအဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်မည် ဖြစ်ပါသည်။

အထက်မှာ ဖော်ပြထားသောအချက်များမှ အကြံဉာဏ်ကောင်းများ ရရှိလိမ့်မည်ဟု မျှော်လင့်ပါသည်။ နောက်ထပ် လေ့လာစရာအချက်များ ကျန်ရှိပါသည်။ အပိုင်း ၂ တွင် ဆက်လက်လေ့လာနိုင်ပါသည်။

 

References

  • Dr. Jenny Lao’s training content of “Entrepreneurial Surviving Amidst and Conquering Aftermath”
  • "Small Business Success" magazine, Volume 4, produced by Pacific Bell Directory in partnership with the U.S. Small Business Administration and the Partners for Small Business Excellence.